အနောက်အုပ်စုက အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းလျှင် ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်း ဖြေရှင်းရေး ကူညီရန်အသင့်ရှိဟု ပူတင်ဆို

အနောက်အုပ်စုက အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းလျှင် ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်း ဖြေရှင်းရေး ကူညီရန်အသင့်ရှိဟု ပူတင်ဆို
By Mr John

ယူကရိန်းကိုကျူးကျော်မှုနှင့် ပတ်သက်ပြီး အနောက်အုပ်စုက ၎င်းတို့အပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးလျှင် ရုရှားနိုင်ငံအနေဖြင့် ကမ္ဘာ့တဝန်း စားနပ်ရိက္ခာအကျပ်အတည်း ဖြေရှင်းရေးတွင် ကူညီရန်အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အီတလီဝန်ကြီးချုပ် Mario Draghi နှင့် ဖုန်းဆက်သွယ်မှုအတွင်း ပြောကြားခဲ့ကြောင်း သိရသည်။

အနောက်အုပ်စုက နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ချမှတ်ထားသော ပိတ်ဆို့ကန့်သတ်ချက်များကို ရုပ်သိမ်းပေးမှသာလျှင် ရုရှားပြည်ထောင်စုက ဂျုံနှင့် ဓာတ်မြေဩဇာ ပြည်ပတင်ပို့မှုမှတစ်ဆင့် စားနပ်ရိက္ခာအကျပ်အတည်းကို ကျော်လွှားနိုင်ရေး သိသိသာသာ အကူအညီပေးရန် အသင့်ရှိကြောင်း ဗလာဒီမာပူတင်က အလေးထားပြောခဲ့သည်

ဟု ရုရှားသမ္မတနန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရုရှား၏ သဘောထားရပ်တည်ချက်က ခြိမ်းခြောက်အကျပ်ကိုင်မှုဖြစ်ကြောင်း ယူကရိန်းဘက်က ပူတင်၏ပြောကြားမှုကို တုံ့ပြန်ခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss ကလည်း ပူတင်က ၎င်း၏ ယူကရိန်းစစ်ပွဲဖြင့် စားနပ်ရိက္ခာအကျပ်အတည်းကို ဖန်တီးကာ လက်နက်သဖွယ်အသုံးပြုပြီး ကမ္ဘာကြီးကို ပြန်ရွေးစရာအဖြစ် ထိန်းချုပ်ရန်ကြိုးပမ်းနေကြောင်း မေလ (၂၆) ရက်နေ့တွင် ပြောဆိုခဲ့သည်။

ရုရှားက ယူကရိန်းဆိပ်ကမ်းများကို ပိတ်ဆို့ထားပြီး ဂျုံတင်ပို့နိုင်ခြင်းမရှိစေရန် တားဆီးထားခဲ့သည်။

ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံးမှာ ကမ္ဘာတဝန်းသို့ ဂျုံတင်ပို့နေသည့် အဓိက နိုင်ငံများလည်း ဖြစ်ကြသည်။

ယူကရိန်းက ဆိပ်ကမ်းများတွင် မိုင်းထောင်ကြောင်း ရုရှားက စွပ်စွဲထားသည်။

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဂျုံ၊ စားသုံးဆီ၊ လောင်စာဆီနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်ပြီး ကမ္ဘာတဝန်း စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေလျက်ရှိသည်။

ယူကရိန်းကို ရုရှားက ကျူးကျော်မှုကြောင့် မကြာမီ ကမ္ဘာတဝန်း စားနပ်ရိက္ခာအကျပ်အတည်း ဖြစ်လာစေပြီး ၎င်းမှာ နှစ်များနှင့်ချီကြာနိုင်ကြောင်း ကုလသမဂ္ဂကလည်း သတိပေးထားသည်။

ယူကရိန်းစစ်ပွဲဂယက်နှင့်အတူ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဆင်းရဲသည့် နိုင်ငံများတွင် စားနပ်ရိက္ခာ မသေချာမရေရာမှုကို ပိုဆိုးလာစေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများမှာ ယမန်နှစ် ယခုအချိန်ကာလတူကထက် (၃၀) ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့ကြောင်း ကုလသမဂ္ဂ အချက်အလက်များအရ သိရှိရသည်။

ကုလသမဂ္ဂ၏ အဆိုအရ စစ်ပွဲကြောင့် ယူကရိန်းတွင် ပြည်ပတင်ပို့နိုင်ခြင်းမရှိသေးသော ယခင်ရိတ်သိမ်းထားသည့် ဂျုံတန်ချိန် သန်း (၂၀) ဝန်းကျင်ရှိနေကြောင်း သိရပြီး ထိုဂျုံများကို တင်ပို့နိုင်ပါက ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းလျော့ကျနိုင်သည်ဟု ဆိုသည်။

စစ်ပွဲမတိုင်မီက ရုရှားနှင့် ယူကရိန်း နိုင်ငံတို့က ကမ္ဘာ့ဂျုံတင်ပို့မှု၏ (၃၀) ရာခိုင်နှုန်းကို ထုတ်လုပ်ကြပြီး ယူကရိန်းကို ကမ္ဘာ့ပေါင်မုန့်ခြင်းတောင်းဟု တင်စားခေါ်ဝေါ်ကြသည်။

ယူကရိန်း၏ ဆိပ်ကမ်းများမှ တစ်လလျှင် စိုက်ပျိုးရေးထုတ်ကုန်များ တန်ချိန် (၄.၅) သန်းကို ပြည်ပတင်ပို့နေခဲ့ကြောင်း သိရသည်။ သို့သော် ဖေဖေါ်ဝါရီလအတွင်း ရုရှားက ကျူးကျော်ခဲ့သည့်နောက်ပိုင်း ယူကရိန်း၏ ပြည်ပတင်ပို့မှုများ ရပ်ဆိုင်းသွားခဲ့ပြီး ဂျုံဈေးနှုန်းများ ထိုးတက်သွားခဲ့သည်။

ထို့အပြင် အိန္ဒိယနိုင်ငံကလည်း ဂျုံတင်ပို့မှုကို မေလ (၁၄) ရက်နေ့တွင် ပိတ်ပင်ခဲ့ရာ ဈေးနှုန်းများ ပို၍ပင် မြင့်တက်သွားခဲ့သည်။

Source: Reuters, BBC