မုန်တိုင်းအတွင်း နှစ်ပိုင်းပြတ်သွားသည့် သင်္ဘောပေါ်က သင်္ဘောသား(၂၇)ဦး ရှာဖွေရေး မျှော်လင့်ချက်မဲ့ 

နှစ်ပိုင်းပြတ်သွားသည့် သင်္ဘော
နှစ်ပိုင်းပြတ်သွားသည့် သင်္ဘော
မုန်တိုင်းအတွင်း နှစ်ပိုင်းပြတ်သွားသည့် သင်္ဘောပေါ်က သင်္ဘောသား(၂၇)ဦး ရှာဖွေရေး မျှော်လင့်ချက်မဲ့ 
ဇူလိုင် 4, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဟောင်ကောင်နှင့် တရုတ်တောင်ပိုင်းကို အပူပိုင်းမုန်တိုင်း Chaba ဖြတ်သန်းတိုက်ခတ်မှုအတွင်း နှစ်ပိုင်းပြတ်သွားသည့် သင်္ဘောတစ်စီးမှ ပျောက်ဆုံးနေသော သင်္ဘောသား (၂၇) ဦးကို အသက်ရှင်လျက် ပြန်ရှာတွေ့ရန် အခွင့်အလမ်း အလွန်နည်းကြောင်း အစိုးရကယ်ဆယ်ရေးအာဏာပိုင်များက ဇူလိုင်လ (၃) ရက်နေ့တွင် ပြောသည်။ 

သို့သော်လည်း ပျောက်ဆုံးနေသည့် သင်္ဘောသားများကို ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်းလည်း သိရသည်။

ဟောင်ကောင်၏ အနောက်တောင်ဘက် မိုင် (၂၀၀) ခန့်ရှိ ရေပြင်တွင် လေပြင်းများတိုက်ပြီး မိုးသည်းထန်နေခဲ့စဥ် အာဏာပိုင်တွေက သင်္ဘောသား (၃၀) အနက်မှ (၃) ဦးကို ဇူလိုင်လ (၂) ရက်နေ့တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း Government Flying Service က ပြောသည်။ 

သင်္ဘော နှစ်ပိုင်းပြတ်သွားခဲ့သည့်နေရာတွင် လေတိုက်ခတ်မှု အလွန်ပြင်းထန်နေခဲ့ပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် (၁၄၀) အထိရှိခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းကို နှောင့်နှေးစေခဲ့သည်။

ရှာဖွေရေးကို ဧရိယာတိုးချဲ့ ဆောင်ရွက်နေသော်လည်း အသက်ရှင်သူများ ပြန်ရှာတွေ့ရန် အခွင့်အလမ်း အလွန်နည်းကြောင်း Government Flying Service အကြီးအကဲ West Wu က ဇူလိုင်လ (၃) ရက်နေ့တွင် ပြောသည်။ 

ဟောင်ကောင်၏ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးတွင် တရုတ်ပြည်မကြီးမှ တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် လေယာဥ် (၉) စီး စေလွှတ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းအတွင်း သင်္ဘော နှစ်ပိုင်းပြတ်သွားခဲ့စဥ် သင်္ဘောသားအချို့မှာ သင်္ဘောကို စွန့်ခွာသွားခဲ့ကြနိုင်ကြောင်း အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည့် သင်္ဘောသားများက အာဏာပိုင်များကို ပြောသည်။ 

အပူပိုင်းမုန်တိုင်း Chaba က ကမ္ဘာ့ငွေကြေးအချက်အချာ ဟောင်ကောင်ကို ဖြတ်သန်းတိုက်ခတ်ခဲ့စဥ် ဇူလိုင် (၁)ရက်နှင့် (၂)ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်မှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကန့်သတ်ခဲ့ရပြီး စီးပွားရေးလုပ်ငန်းအများအပြား ပိတ်ခဲ့ရသည်။

#TachileikNewsAgency

Source: Reuters