မြန်မာစစ်အုပ်စု နောက်ထပ် သေဒဏ်စီရင်ပါက ငြိမ်းချမ်းရေးအစီအစဥ်ကို အာဆီယံ ပြန်သုံးသပ်မည်

မြန်မာစစ်အုပ်စု နောက်ထပ် သေဒဏ်စီရင်ပါက ငြိမ်းချမ်းရေးအစီအစဥ်ကို အာဆီယံ ပြန်သုံးသပ်မည်
By Mr John

မြန်မာစစ်အုပ်စုအနေဖြင့် နောက်ထပ် အကျဥ်းသားများကို သေဒဏ်စီရင်ပါက ၎င်းတို့နှင့် သဘောတူညီထားသည့် ငြိမ်းချမ်းရေးအစီအစဥ်ကို အာဆီယံအဖွဲ့က ပြန်လည်သုံးသပ်ရလိမ့်မည်ဟု အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဩဂုတ်လ (၃) ရက်တွင် ပြောကြားလိုက်သည်။ 

အဖွဲ့ဝင် (၁၀) နိုင်ငံပါဝင်သည့် အာဆီယံက ၂၀၂၁ ခုနှစ်အတွင်း မြန်မာစစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင် သဘောတူညီထားခဲ့သည့် ဘုံသဘောတူညီချက် (၅) ချက်ကို လိုက်နာဆောင်ရွက်ရန် တွန်းအားပေးနေခဲ့ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦးကို သေဒဏ်စီရင်မှုအပေါ် ရှုတ်ချခဲ့သည်။

"နောက်ထပ် အကျဥ်းသားတွေ သေဒဏ်စီရင်ခံရမယ်ဆိုရင် ကျနော်တို့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို ပြန်သုံးသပ်ရပါလိမ့်မယ်" ဟု ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်သည့် (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအ‌ဝေး အဖွင့်မိန့်ခွန်းအတွင်း ဟွန်ဆန်က ထည့်သွင်းပြောခဲ့သည်။ 

ထိုအစည်းအဝေးသို့ မြန်မာစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရခဲ့ပေ။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနှင့်လုံခြုံရေး အခြေအနေ ဂယက်ရိုက်ခတ်မှုကြောင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုမှာ စိန်ခေါ်မှုရှိခဲ့ကြောင်း အာဆီယံအလှည့်ကျဥက္ကဌ ဟွန်ဆန်က ပြောသည်။ 

မြန်မာနိုင်ငံမှာ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းအတွင်း ထိုးဆင်းနေသည်ဟု ဆိုသည်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်မှာ လူတိုင်း၏ဆန္ဒအတိုင်း တိုးတက်မှုမရှိခဲ့ကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးတွင် တိုးတက်မှုအချို့ရှိခဲ့ကြောင်း ဟွန်ဆန်က မှတ်ချက်ပြုသည်။ 

သို့သော် စစ်အုပ်စုက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို သေဒဏ်စီရင်မှုကြောင့် မြန်မာ၏ လက်ရှိအခြေအနေမှာ သိသာစွာ ပြောင်းလဲသွားခဲ့ပြီး ငြိမ်းချမ်းရေးသဘောတူညီမှု မတိုင်မီကထက်ပင် ပိုဆိုးလာသည်ကို မြင်နိုင်ကြောင်း အာဆီယံအလှည့်ကျဥက္ကဌက ထောက်ပြခဲ့သည်။

၎င်းကိုယ်တိုင်နှင့် အခြားနိုင်ငံ/အဖွဲ့အစည်းများထံမှ သေဒဏ်စီရင်မှုများကို ပြန်လည်စဥ်းစားရန် ပန်ကြားမှုများရှိခဲ့သော်လည်း စစ်အုပ်စုက ၎င်းတို့ကို ဆန့်ကျင်သည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို သေဒဏ်စီရင်ခဲ့မှုအပေါ် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကမ္ဘောဒီးယားက အလွန်စိတ်ပျက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ကြောင်း ဟွန်ဆန်က ပြောခဲ့သည်။

ယခုကျင်းပပြုလုပ်နေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအ‌ဝေးတွင် အာဏာသိမ်း မြန်မာစစ်အုပ်စုကို ပိုမိုပြင်းထန်သည့် အရေးယူမှုလုပ်ရန် တိုက်တွန်းသွားမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ 

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မြန်မာစစ်အုပ်စု၏ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၄) ဦးကို သေဒဏ်စီရင်မှုလုပ်ရပ်အပေါ် ရှုတ်ချလိုက်ပြီး ထိုလုပ်ရပ်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ကြောင်း ဇူလိုင်လ (၂၆) ရက်နေ့က ပြောဆိုခဲ့သည်။

Source: Reuters