မြောက်ကိုရီးယားက (၅) နှစ်အတွင်း ပထမဆုံးအကြိမ် ဂျပန်နိုင်ငံပေါ်ကိုကျော်၍ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားက (၅) နှစ်အတွင်း ပထမဆုံးအကြိမ် ဂျပန်နိုင်ငံပေါ်ကိုကျော်၍ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်
အောက်တိုဘာ 5, 2022 | နိုင်ငံတကာသတင်း
By Mr John

 

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနိုင်ငံက ယခင်ကထက် အကွာအဝေး ပိုမိုရောက်ရှိသော ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောက်တိုဘာလ (၄) ရက်နေ့တွင် ပစ်လွှတ်စမ်းသပ်ခဲ့သည်။ 

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်သည့် ထိုဒုံးကျည်မှာ (၅) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံပေါ်မှ ဖြတ်ကျော်သွားခဲ့ရာ ဒေသခံများကို အကာအကွယ်ယူကြရန် အချက်ပေးဥဩဆွဲခဲ့ရသည်။

ယခုစမ်းသပ်ခဲ့သည့် ဒုံးကျည်မှာ မြောက်ကိုရီးယားက စမ်းသပ်ခဲ့မှုများအနက် အဝေးဆုံး အကွာအဝေးသို့ ရောက်ရှိသည့် ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်သည်ဟု ဆိုသည်။ 

အဆိုပါ ဒုံးကျည်က အကွာအ‌ဝေး (၂,၈၅၀) မိုင်အထိ ရောက်ရှိခဲ့ပြီးနောက် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ကျရောက်ခဲ့ပြီး ထိုအကွာအဝေးမှာ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းသို့ ရောက်ရှိနိုင်သည့် အကွာအဝေးလည်း ဖြစ်သည်။

ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယားလက်နက် စမ်းသပ်ခြင်းမပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားသည်။ 

ကြိုတင်သတိပေးမှု သို့မဟုတ် ဆွေးနွေးမှုမရှိဘဲ အခြားနိုင်ငံများဘက်သို့ ဦးတည်၍ သို့မဟုတ် အခြားနိုင်ငံများပေါ်မှ ဖြတ်သန်း၍ ဒုံးကျည်ပစ်လွှတ်ခြင်းကလည်း နိုင်ငံတကာသတ်မှတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားက ဂျပန်နိုင်ငံပေါ်ကိုကျော်၍ ဒုံးကျည်ပစ်လွှတ်ခဲ့ရာ Hokkaido ကျွန်းနှင့် Aomori မြို့အပါအဝင် ဂျပန်မြောက်ပိုင်းရှိ ဒေသခံများမှာ ဆူညံစွာ ထွက်ပေါ်လာသည့် အချက်ပေးဥဩသံများကြောင့် လန့်နိုးခဲ့ကြသည်။ 

၎င်းတို့၏ ဖုန်းများတွင်လည်း "မြောက်ကိုရီးယားက ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်ပုံရပါတယ်။ ကျေးဇူးပြုပြီး အဆောက်အအုံများထဲ သို့မဟုတ် မြေအောက်နေရာများသို့ ရွှေ့ပြောင်းကြပါ" ဟု ရေးသားထားသော မက်ဆေ့ချ်များ ဝင်ရောက်လာခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုက ကြမ်းတမ်းသည့်အပြုအမူဟု ဆိုသည်။ 

ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူ ဟာမာဒါက ဂျပန်အနေဖြင့် တန်ပြန်တိုက်ခိုက်မှုစွမ်းရည် အပါအဝင် ၎င်း၏ကာကွယ်ရေး ခိုင်မာအားကောင်းစေရန် မည်သည့်ရွေးချယ်မှုကိုမျှ ပစ်ပယ်ထားမည်မဟုတ်ဟု ပြောခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Adrienne Watson ကလည်း မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုက ဒေသတွင်း မတည်မငြိမ်ဖြစ်စေသည့် အန္တရာယ်များပြီး မဆင်မခြင် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောဆိုသည်။ 

ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု တိုးလာနေခြင်းကို တုံ့ပြန်မှုအဖြစ် ၎င်းတို့၏ ကာကွယ်ရေး ခိုင်မာအားကောင်းစေရန် ပူးပေါင်းဆောင်ရွက်နေစဥ် ယခုဒုံးကျည်ပစ်လွှတ်မှု ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထိုသုံးနိုင်ငံက ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရေတပ်စစ်ရေးလေ့ကျင့်မှုကို အတူလုပ်‌ဆောင်ခဲ့ကြသည်။ 

ထိုကဲ့သို့သော စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ရန်သူများက စစ်ပွဲအတွက် ပြင်ဆင်နေသည့် သက်သေအထောက်အထားအဖြစ် ရှုမြင့်ထားသည်။ ယခု ဒုံးကျည်စမ်းသပ်မှုနှင့်အတူ မြောက်ကိုရီးယားနှင့် ထိုသုံးနိုင်ငံကြား တင်းမာမှုများ မြင့်တက်လာနိုင်ကြောင်း သုံးသပ်ကြသည်။

တောင်ကိုရီးယားလွှတ်တော်အမတ်များကို ၎င်း၏ထောက်လှမ်းရေးဌာနက စက်တင်ဘာလ (၂၈) ရက်တွင် အစီရင်ခံမှုအရ မြောက်ကိုရီးယားနိုင်ငံက အောက်တိုဘာလ (၁၆) ရက်နှင့် နိုဝင်ဘာလ (၇) ရက်အတွင်း နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်နိုင်သည်ဟုလည်း သိရသည်။ 

စက်တင်ဘာလအတွင်းမှာပင် မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ကိုယ်တိုင်ကြေညာသော ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်ပြီဖြစ်ပြီး ခေါင်းဆောင်ကင်မ်ဂျုံအန်က နောက်ပြန်လှည့်၍မရကြောင်း ပြောခဲ့သည်။

Source: BBC, Reuters