ပဲခူးမြစ်ရေ ကုန်းမြင့်ပိုင်းမှ ပြန်ကျနေပြီး မြေနိမ့်ပိုင်းတွင် ဆက်ရှိနေ

ပဲခူးမြစ်ရေ ကုန်းမြင့်ပိုင်းမှ ပြန်ကျနေပြီး မြေနိမ့်ပိုင်းတွင် ဆက်ရှိနေ
အောက်တိုဘာ 11, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးမြစ်ရေသည် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့ နံနက်(၁၁)နာရီ အခြေအနေအရ ရေပြန်ကျနေသော်လည်း နေရာတချို့တွင် ရေကျန်ရှိနေသေးသည်ဟု သိရသည်။

မြစ်ရေသည် ပဲခူးယာဉ်ရပ်နားစခန်းနှင့် ရွှေသာလျောင်းဘုရားကြား ပတ်လည်နေရာများတွင် ကျန်ရှိနေသေးပြီး ရွှေမော်ဓောဘုရားအနီး ကုန်းမြင့်ပိုင်းနေရာများတွင်မူ ရေပြန်ကျနေပြီဟု သိရသည်။ 

ပဲခူးကားကြီးဝင်းမှ ရွှေသာလျောင်းလမ်းစုံအထိ လမ်းမပေါ်တွင်ပင် မြစ်ရေမှာ ခါးအကျော်ထိရှိနေသေးပြီး အဆိုပါပတ်ဝန်းကျင်ရပ်ကွက်များ ရေမြုပ် နေဆဲဖြစ်ကြောင်း သိရသည်။

“ဇိုင်းတောင်၊ ဇိုင်းမြောက်၊ ကလျာဏီ အဲ့ဘက်တွေကတော့ ရေကျန်သေးတယ်။ သနပ်ပင်-ပဲခူးလမ်း၊ အနောက်ဘက်မုဒ်ဘုရားလမ်း၊ ကျောက်တွင်းကုန်းလမ်းစုံတွေမှာ ဒူးခေါင်းလောက်ကျတယ်။ ဘောနက်ကြီးဘက်လည်း ရေကျန်သေးတယ်။ ကျောက်တွင်းကုန်းလမ်းစုံမှာတော့ ရေနည်းနည်းကျန်သေးလို့ ကားတွေလည်း ပိတ်မိနေတယ်။ မှော်ကန်ဘက်မှာ ခြေမျက်စိလောက်ပဲရှိတော့တယ်။ မနေ့က ရင်ဆို့လောက်ရှိတာ။ ဈေးကြီးရှေ့လမ်းလည်း ရေကျနေပြီ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။ 

ပဲခူးမြစ်ရေသည် ပြီးခဲ့သည့် အောက်တိုဘာလ (၈)ရက်နေ့က စတင်ကာ ရေမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး မြစ်ရေပြန်လည်ကျဆင်းပြီးနောက် ဆန်ဂိုထောင်များ၊ စပါးခင်းများနှင့် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကာ လူအသေအပျောက်လည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

#TachileikNewsAgency

Photo :Htin Kyaw