ပလက်ဝရှိ ရဟတ်ယာဉ်ကွင်းနှစ်ခုပါ တရွန်အိုင်ဗျူဟာ စခန်းကုန်းအား AA သိမ်းပိုက်ရရှိ

ပလက်ဝရှိ ရဟတ်ယာဉ်ကွင်းနှစ်ခုပါ တရွန်အိုင်ဗျူဟာ စခန်းကုန်းအား AA သိမ်းပိုက်ရရှိ

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်၏ တရွန်အိုင်ဗျူဟာ စခန်းကုန်းကြီးတစ်ခုလုံးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့တွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

ရက်ပေါင်း (၂၁)ရက်ခန့်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် အကျအဆုံးများဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများဖြင့် နေ့၊ ည ရက်ဆက်ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စခန်းအတွင်းမှ စစ်ကောင်စီတပ်သားအလောင်းများနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတို့ကို သိမ်းဆည်းရရှိခဲ့ပြီး နှုံးဘူးဗျူဟာကုန်းကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် တိုက်ခိုက်နေသည်ဟု သိရသည်။

ရဟတ်ယာဉ်ကွင်း (၂)ကွင်းပါရှိသော တရွန်အိုင်ဗျူဟာကုန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာပေးဆပ်ခဲ့ရသော အာရက္ခစစ်သည်တော်များ၊ ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင် စစ်သည်တော်များအားလုံးကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်မှ သိမ်းထားသော ရန်သူ့စခန်းကုန်းများ၊ စစ်ကောင်စီတပ် စွန့်လွှတ်ထားခဲ့သော နယ်စပ်စခန်းများအပြင် ဆက်လက်သိမ်းယူရန် လျာထားသော ဗျူဟာစခန်းများအား သိမ်းပြီးနောက် ရရှိလာမည့် စခန်းများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အာရက္ခစစ်သည်တော်သစ်များ လိုအပ်နေသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency