ဝက်လက်မြို့နယ် စစ်ကိုင်း-ရွှေဘိုလမ်းပေါ်၌ တိုက်ပွဲဖြစ်ပြီး PDFရဲဘော် (၁၄)ဦးကျဆုံး

ဝက်လက်မြို့နယ် စစ်ကိုင်း-ရွှေဘိုလမ်းပေါ်၌ တိုက်ပွဲဖြစ်ပြီး PDFရဲဘော် (၁၄)ဦးကျဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်ကြား စဉ့်ကိုင်နှင့် တလိုင်းကျွန်းရွာအနီး၌ ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDFရဲဘော် (၁၄)ဦး ကျဆုံးသွားကြောင်း သိရသည်။

စစ်ကိုင်း-ရွှေဘိုလမ်းပေါ်၌ စစ်ကောင်စီတပ်နှင့် PDFတပ်များ တိုက်ပွဲဖြစ်ပြီး ကျဆုံးရဲဘော်များထဲတွင် စစ်ကိုင်းခရိုင်တပ်ရင်း(၃)မှ ရဲဘော် (၉)ဦးပါဝင်ပြီး ကျန်ရဲဘော်များမှာ မည်သည့်တပ်ဖွဲ့မှဖြစ်သည်ကို အတည်မပြုနိုင်သေး‌ပါ။ 

"စစ်ကြောင်းထိုးလာတာသိလို့ စစ်ကြောင်းကို သွားကာဖို့လုပ်တဲ့အချိန်မှာဖြစ်တာပါ။ မင်းကွန်းကနေ မြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး အုတ်ဖိုမှာ ကမ်းကပ်ပြီး စဉ့်ကိုင်-တလိုင်းဘက်ကို စစ်ကြောင်း ထိုးလာတာပါ။ ဟိုဘက်က ကင်းပုန်းနဲတွေ့ပြီး ထိတွေ့မှုဖြစ်တာပါ။"ဟု စစ်ကိုင်းခရိုင် PDF တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများကို ပြန်လည်သယ်ဆောင်နိုင်ခြင်း မရှိသေးဘဲ တလိုင်းကျွန်းရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားကာ စဉ့်ကိုင်ရွာကိုလည်း မီးရှို့နေသည်ဟု သိရသည်။

အင်အား (၇၀)ကျော်ပါသည့် စစ်ကောင်စီတပ်သည် စဉ့်ကိုင်ရွာမှ တလိုင်းရွာဘက် ကူးလာပြီး တလိုင်းရွာထိပ် ကားလမ်းဘေးက နေအိမ်များကို မွေနှောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၂၅)ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ် ကင်းတော်ကျေးရွာရှိ PDFစခန်းတစ်ခု ဝင်ရောက်စီးနင်းခံရကာ PDF ရဲဘော်များအပါအဝင် (၁၇)ဦးကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းခံရသည်ဟု သိရသည်။

#TachileikNewsAgency