ဖာပွန်ခရိုင်တွင် KNU/KNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ၇၈ ကြိမ်ဖြစ်ပွား၊ ဒုတပ်ရင်းမှူးတစ်ဦးဒဏ်ရာရ

ဖာပွန်ခရိုင်တွင် KNU/KNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ၇၈ ကြိမ်ဖြစ်ပွား၊ ဒုတပ်ရင်းမှူးတစ်ဦးဒဏ်ရာရ
By Tachileik News Agency

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင်  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်၊ လက်အောက်ခံ BGFတို့

နှင့် KNU/KNLA တို့ကြားတိုက်ပွဲပေါင်း ၇၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးကာ ဒုတပ်ရင်းမှူးအပါအဝင် ဒဏ်ရာရသူ ဆယ်ဂဏန်းရှိသည်ဟုလည်း

 KNU တပ်မဟာ (၅) က၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

စစ်ကောင်စီတပ်နှင့် တိုက်ပွဲများအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ဘက်ကလည်း သုံးဦး ကျဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ 

KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၉)ကြိမ် ပြုလုပ်ပြီး ဗုံး (၆၄)လုံး၊လက်နက်ကြီးပေါင်း ၁၃၉ လုံးပစ်ခတ်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ် KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း၌လည်းဒီဇင်ဘာ ၂၀ နှင့် ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းအဖွဲတို့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။

စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရပြီး

KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၇)ခုအနက် (၆)ခုတွင်KNLA တပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ် ၊၎င်း၏ လက်အောက်ခံကရင်နယ်ခြားစောင့်တပ် (BGF) တို့အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည်။