ရေစကြိုမြို့နယ်သို့ အင်အားဖြည့်တင်းသည့် စစ်ကောင်စီတပ်ဖွဲ့ကားတစ်စီးကို ရေစကြို ပကဖ မိုင်းခွဲတိုက်ခိုက်

ရေစကြိုမြို့နယ်သို့ အင်အားဖြည့်တင်းသည့် စစ်ကောင်စီတပ်ဖွဲ့ကားတစ်စီးကို ရေစကြို ပကဖ မိုင်းခွဲတိုက်ခိုက်
စက်တင်ဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ရေစကြိုမြို့နယ်သို့ (၁၂)ဘီးကားဖြင့် အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ ညပိုင်းတွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့သို့ အင်အားဖြည့်တင်းလာသည့် ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီတပ်မ(၁၀၁)မှ စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ညပိုင်း(၉)နာရီကျော်တွင် ခွားနီးစိုက်ပျိုးရေးခြံအနီး၌ (၃)လုံးတွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့နောက် ည(၁၀)နာရီဝန်းကျင်တွင် ပခုက္ကူသို့ ပြန်လာသည့် ၎င်းစစ်ကောင်စီတပ်ဖွဲ့ကားကို ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ရာ ကားမှာ နေရာတွင်ပင် ရပ်သွားပြီးနောက် လက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပခုက္ကူ-ရေစကြို လမ်းပိုင်း အသုံးပြုသူများအနေဖြင့် ထိခိုက်ဆုံးရှုံးမှုများ မရှိစေရန် ကားမှန်ချမောင်းနှင်ပေးကြရန်လည်း တော်လှန်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၄)ရက်နေ့ကလည်း ရေစကြိုမြို့နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ရေစကြိုမြို့အထွက် ဆောက်လုပ်ရေးရုံးရှေ့တွင် မိုင်း(၃)လုံးဖြင့် ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency