ပဲခူးမြို့တွင် ရေမြင့်တက်နေသဖြင့် ရန်ကုန်-ပဲခူးကားလမ်း သွားလာရခက်နေ 

ပဲခူးမြို့တွင် ရေမြင့်တက်နေသဖြင့် ရန်ကုန်-ပဲခူးကားလမ်း သွားလာရခက်နေ 
အောက်တိုဘာ 8, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ပဲခူးမြို့တွင် ရေကြီးနေသဖြင့် ရန်ကုန်-ပဲခူးကားလမ်း ရေကျော်ကာ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့ နံနက်ပိုင်းကစတင်ကာ သွားလာ၍ မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ပဲခူးမြစ်ရေသည် ယမန်နေ့ကစတင်ကာ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ပဲခူးမြို့တွင်း ရပ်ကွက်များဖြစ်သည့် ကျောက်ကြီးစု၊ ဇိုင်းမြောက်၊ ဇိုင်းတောင်၊ ရွှေသာလျောင်း၊ ခေါင်းဆေးကျွန်းတို့တွင် နေအိမ်များ ရေနစ်မြှုပ်နေသည်ဟု သိရသည်။

"ဟုတ်တယ် ရန်ကုန်-ပဲခူးလမ်း ရေကျော်နေပြီ ရေက ဒီတခါတက်တာမြန်တယ်။ မိုးကလုံးဝမတိတ်တော့ ကျွန်မတို့ အမြင့်ပိုင်းက အိမ်တောင် ဒူးလောက်အထိ မြှုပ်နေတယ်။ အရင်တခါက ခြေမျက်စိလောက်ပဲတက်တာ"ဟု ပဲခူးမြို့မှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

မိုးရွာသွန်းမှုများသဖြင့် ရန်ကုန်-ပဲခူး အဝေးပြေးကားလမ်းတွင် ရေ (၂)ပေခန့် မြှုပ်နေပြီး ယာဉ်သွားလာရန် ခက်ခဲနေကာ ကားငယ်များ ဖြတ်သန်းမရ‌တော့ကြောင်း သိရသည်။

"ဒီတစ်ကြိမ်နဲ့ဆို ပဲခူးက အခုနှစ်ထဲ ရေတက်တာ(၄)ခါရှိပြီ။ အခုမနက်ပိုင်းကစပြီး လျှပ်စစ်မီးတွေလည်း ဖြတ်ထားတယ်။ (၃၉)မိုင်လမ်းခွဲတော့ ရေတက်နေတယ်ပြောတယ်။ မြို့ရှောင်လမ်းတော့ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် မြေနှိမ့်ပိုင်းရပ်ကွက်နေ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo : CJ