ညီနောင်မဟာမိတ်တပ်များ ဝင်တိုက်မည်ဆိုသောသတင်းကြောင့် လားရှိုးဒေသခံများစွာ တိမ်းရှောင်ရာ လမ်းပိတ်ဆို့မှုဖြစ်နေ

ညီနောင်မဟာမိတ်တပ်များ ဝင်တိုက်မည်ဆိုသောသတင်းကြောင့် လားရှိုးဒေသခံများစွာ တိမ်းရှောင်ရာ လမ်းပိတ်ဆို့မှုဖြစ်နေ
ဇန်နဝါရီ 11, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က လာရောက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေသဖြင့် လားရှိုးမြို့ရှိ ဒေသခံများစွာ ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့ နံနက်ပိုင်းကစတင်ပြီး တိမ်းရှောင်နေကြသည်ဟု သိရသည်။

လားရှိုးမြို့မှဒေသခံများ တိမ်းရှောင်သူများကြသဖြင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး လားရှိုးမြို့တွင် လူသွားလူလာ နည်းသွားသည်သာရှိကာ သာမန်အခြေအနေအတိုင်း သွားလာနေသည်ဟု ဆိုသည်။ 

“လိုင်းပေါ်မှာတော့ သူတို့ပြန်တိုက်မယ်ပေါ့။ လားရှိုးမြို့ကို ပြန်ရအောင်ယူမယ်လို့ပြောနေလို့ အဲဒါကြောင့်မို့လို့ ကြောက်ပြီးရှောင်ကြတာ။ တချို့တွေကျတော့လည်း ကိုးကန့်တရုတ်တွေဆို တဆင့်စကားတဆင့်ပြောပြီးတော့မှ ရှောင်ခိုင်းတာတွေလည်းရှိတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လားရှိုးမြို့အနီးတွင် ညီနောင်မဟာမိတ်တပ်များက စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းများရှိသော်လည်း ယမန်နေ့ညပိုင်းက သေနတ်သံများကြားရကာ ယနေ့တွင်မူ မကြားရဟုလည်း ဆိုသည်။

“မရှောင်တဲ့သူတွေကတော့ အဆင်သိပ်မပြေတဲ့သူတွေပေါ့။ တချို့တွေကျတော့လည်း နမ္မတူတို့၊ သိန္နီတို့ အဲဒီဘက်ကနေပြီးတော့ စစ်ရှောင်လာကြသူတွေကလည်း ဒီလားရှိုးမှာလာနေကြတဲ့သူတွေများတယ်လေ။ အဲဒီဘက်ကလူတွေက ဒီဘက်ကိုရှောင်၊ လားရှိုးမြို့ကလူတွေက တခြားကိုရှောင် အဲဒီလိုဖြစ်နေတယ် အခုက။ ခဏ ခဏရှောင်‌နေရလို့ အခြေအနေအရမ်းဆိုးမှပဲ ကျွန်မတို့လည်း ရှောင်တော့မယ်။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

စစ်ရှောင်သူများကိုလည်း စစ်ကောင်စီတပ်က လားရှိုးမြို့မှ ထွက်ခွာခွင့်ပေးထားပြီး ညီနောင်မဟာမိတ်(၃)ဖွဲ့ကလည်း ၎င်းတို့တိုက်ခိုက်သိမ်းပိုက်ထားသည့် ဒကစလောက်ကိုင်၊ ကွတ်ခိုင်ဗျူဟာမှ စစ်ကောင်စီတပ်သားများနှင့် စစ်တပ်မိသားစုဝင်များကို လားရှိုးသို့ထွက်သွားခွင့်ပြုထားသည်။

#TachileikNewsAgency

Photo: CJ