သာစည်မြို့တွင် ယမန်နေ့ညက ဖမ်းခံရသည့် CDM မီးရထား ဝန်ထမ်းများအားလုံး ပြန်လွတ်လာ

ပုံအညွှန်း - သာစည် CDM မီးရထား ဝန်ထမ်းများ ဘုန်းကြီးကျောင်းတွင် နေထိုင်စဉ်
ပုံအညွှန်း - သာစည် CDM မီးရထား ဝန်ထမ်းများ ဘုန်းကြီးကျောင်းတွင် နေထိုင်စဉ်
သာစည်မြို့တွင် ယမန်နေ့ညက ဖမ်းခံရသည့် CDM မီးရထား ဝန်ထမ်းများအားလုံး ပြန်လွတ်လာ
အောက်တိုဘာ 23, 2021 | အခြားဒေသများ

သာစည်မြို့တွင် အောက်တိုဘာလ(၂၂)ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်တပ် နှင့် ရဲတို့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် CDM မီးရထား ဝန်ထမ်း (၂၄)ဦး ယနေ့ အောက်တိုဘာလ(၂၃)ရက်နေ့တွင် ညနေပိုင်းတွင် ပြန်လည်လွတ်လာပြီဖြစ်ကြောင်း သိရသည်။

သာစည်မြို့ နဘဲရွှေထီး ဘုန်းကြီးကျောင်းတွင် နေထိုင်သည့် CDM မီးရထား ဝန်ထမ်းများအားလုံးကို  အာဏာသိမ်းစစ်တပ်မှ အင်အား (၅၀)ကျော်ဖြင့် အောက်တိုဘာလ(၂၂)ရက်နေ့ ည(၉)နာရီ (၅၅)မိနစ်အချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

မနေ့ညက ဘုန်းကြီးကျောင်းရဲ့ အုတ်တံတိုင်းကို ကျော်ပြီး ဝင်တယ်။ အမျိုးသားတွေ အကုန်လုံး အဆောင်အပြင်ထွက်ခိုင်းတယ်။ တချို့ကို ကန်တာတွေ၊ ရိုက်တာတွေ လုပ်ပြီး သာစည်ရဲစခန်းကို ခေါ်သွားတာ။ အခု  ပြန်လွတ်တယ်၊ အဓိက ကတော့ PDF သတင်းကို စုံစမ်းချင်တာ။ CDM တွေကို အကုန်ပြန်လွတ်လာတယ်။ ရပ်ကွက်ထဲက  PDF လို့ ထင်ရသူတဲ့ လူငယ်(၄)ဦးကို စစ်ကြောရေးကို ခေါ်သွားတယ်

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၃)ရက်နေ့ ညနေပိုင်းက ပြောသည်။

ပြန်လွတ်လာသည့်  CDM မီးရထား ဝန်ထမ်း (၂၄)ဦးသည် ရဲစခန်းတွင် ခံဝန်လက်မှတ်ထိုးပြီးမှ ပြန်လာရကြောင်းနှင့် ဖမ်းဆီးစဉ်က ဖုန်းများအားလုံးကို သိမ်းထားပြီး ပြန်ခါနီးမှ ပြန်ပေးကာ ဖုန်းများ၏ Location ကို ဖွင့်ထားရန် ပြောလိုက်ကြောင်းလည်း သိရသည်။