မကွေးမြို့ အပါအဝင် မြို့နယ်အချို့တွင် အမျိုးသားများ ဆိုင်ကယ်စီးလျှင် (၁)ဦးသာ စီးရန် အာဏာသိမ်းအဖွဲ့က  ကြံကြံဖန်ဖန် အမိန့်ထုတ် 

မကွေးမြို့ အပါအဝင် မြို့နယ်အချို့တွင် အမျိုးသားများ ဆိုင်ကယ်စီးလျှင် (၁)ဦးသာ စီးရန် အာဏာသိမ်းအဖွဲ့က  ကြံကြံဖန်ဖန် အမိန့်ထုတ် 
နိုဝင်ဘာ 3, 2021 | အခြားဒေသများ

မကွေးတိုင်းဒေသကြီအတွင်း မကွေးမြို့အပါအဝင် မြို့နယ်အချို့တွင် အမျိုးသားများ ဆိုင်ကယ်စီးနင်းလျှင် (၁) ဦးသာ စီးနင်းရန် အာဏာသိမ်းအဖွဲ့က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့ညပိုင်းက ကြံကြံဖန်ဖန် အမိန့်ထုတ်ထားပြီး စစ်ဆေးမှုများလုပ်နေသည်ဟု သိရသည်။

မနေ့ညက မကွေးမှာ ထုတ်လိုက်တဲ့ ဥပဒေအသစ် ဆိုင်ကယ်စီးရင် ယောက်ျားလေး တစ်ယောက်ပဲစီးရမယ်။ နှစ်ယောက်စီးရင် ဒဏ်ငွေ၊ တစ်ချို့ စခတွေဆို ရိုက်တယ်။  မိန်းကလေးဆို နှစ်ယောက်စီးခွင့်ရှိတယ်။ ယောက်ျားလေးနဲ့ မိန်းကလေးစီးခွင့်မရှိဘူး။ လင်မယားလည်း စီးမရဘူး

ဟု မကွေးမြို့နေ ဒေသခံတစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၃)ရက်နေ့တွင် ပြောသည်။

မကွေးမြို့ပေါ်တွင် အမျိုးသားများစီးနင်းသည့် ဆိုင်ကယ်များကို တင်းကြပ်စွာ ရှာဖွေစစ်ဆေးခြင်းများကိုလည်း လုပ်ဆောင်နေပြီး အချို့မြို့နယ်များတွင်လည်း အလားတူ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းအဖွဲ့သည် အာဏာသိမ်းထားသည့် (၉)လတာအထိ လူထုလက်ခံမှုမရသေးဘဲ အာဏာသိမ်းမှုဆန့်ကျင်သူများဟု ၎င်းတို့ယူဆသူများကို နည်းမျိုးစုံဖြင့် အကြမ်းဖက်ဖမ်းဆီးနှိမ်နှင်းခြင်းများကို ပြုလုပ်နေခြင်းဖြစ်သည်။