KNU တပ်မဟာ(၅) နယ်မြေအတွင်းရှိ စစ်ကောင်စီ ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများ မထွက်သွားပါက အမိန့်ဆန့်ကျင်သူများအဖြစ် ထိရောက်စွာ အရေးယူမည်

KNU တပ်မဟာ(၅) နယ်မြေအတွင်းရှိ စစ်ကောင်စီ ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများ မထွက်သွားပါက အမိန့်ဆန့်ကျင်သူများအဖြစ် ထိရောက်စွာ အရေးယူမည်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းများကို မထွက်သွားပါက အမိန့်ဆန့်ကျင်သူများအဖြစ် ယခင်ကထက် ထိရောက်သည့် အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု တပ်မဟာ(၅)က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၈)ရက်နေ့တွင် ထုတ်ပြန်သတိပေးထားသည်။

တပ်မဟာ(၅) နယ်မြေအတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန်အတွက် အထောက်အကူဖြစ်စေသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ရာထူးတာဝန်များမှ စွန့်လွှတ်ထွက်ခွာ၊ နှုတ်ထွက်ရန် တပ်မဟာ(၅)က ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ တွင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

၎င်းထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းနှင့် အုပ်ချုပ်ရေးမှူးတချို့ လိုက်နာဆောင်ရွက်မှု ရှိခဲ့သော်လည်း အချို့သောဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးများသည် ယနေ့အချိန်ထိ လိုက်နာဆောင်ရွက်မှုမရှိသည့်အပြင် ထုတ်ပြန်ကြေညာချက်ကို ဆန့်ကျင်ပြီး စစ်ကောင်စီအား အကျိုးဖြစ်စေမည့် လှုပ်ရှားဆောင်ရွက်မှုများ တွေ့ရှိနေရဆဲဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါစစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် ယခင်ထုတ်ပြန်ချက်အတိုင်း အတိတကျ လိုက်နာဆောင်ရွက်ကြရန်နှင့် မလိုက်နာသူများအား အမိန့်ဆန့်ကျင်သူများအဖြစ်သတ်မှတ်ပြီး ယခင်ကထက် ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency