ပေါက်တောမြို့မရဲစခန်းကို AA သိမ်းပြီးနောက် စစ်ကောင်စီတပ်က မြို့တွင်းသို့ဝင်ကာ အရပ်သားများအား ပစ်သတ်

ပေါက်တောမြို့မရဲစခန်းကို AA သိမ်းပြီးနောက် စစ်ကောင်စီတပ်က မြို့တွင်းသို့ဝင်ကာ အရပ်သားများအား ပစ်သတ်
နိုဝင်ဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် သိမ်းပိုက်ခဲ့ရာ  စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးတချို့နှင့် စစ်ဘက်၊ ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။ 

ရဲစခန်းအားသိမ်းပိုက်စဉ် လက်နက်ချအညံ့ခံသူများကို အသက်ချမ်းသာပေးပြီးနောက် တစ်ဦးလျှင် ခရီးစရိတ် (၁၀)သိန်းစီပေးပြီး ၎င်းတို့သွားလိုရာသို့ လုံခြုံစွာ ပို့ထားပြီးဖြစ်သည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီတပ်သည် နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ပေါက်တောမြို့နှင့် နေရာအနှံ့အပြားသို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ညနေပိုင်းတွင်လည်း ပေါက်တောမြို့အတွင်းသို့ဝင်ရောက်ကာ အရပ်သားများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီပစ်သတ်၍ သေဆုံးခဲ့ရသော ပေါက်တောမြို့မှ အရပ်သားပြည်သူများအတွက် ကျူးလွန်သောသူများကို AAအနေဖြင့် လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် AAသည် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာနေရာယူထားသော တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ အထိုင်ချ ဗျူဟာတပ်စခန်း နှစ်ခုအား ဆက်လက်တိုက်ခိုက်နေပြီး ယနေ့ နိုဝင်ဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ်အတွင်းရှိ ဒုံးညို စခန်းကိုလည်း တိုက်ခိုက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency