လက်ချောင်းနှင့်ခြေချောင်း စုစုပေါင်း (၂၆)ချောင်း နှင့် မွေးဖွားလာသည့် ကလေးငယ်ကို ဟိန္ဒူနတ်ဘုရားမ လူဝင်စားသည်ဟု မိသားစုက ယူဆနေကြ

လက်ချောင်းနှင့်ခြေချောင်း စုစုပေါင်း (၂၆)ချောင်း နှင့် မွေးဖွားလာသည့် ကလေးငယ်ကို ဟိန္ဒူနတ်ဘုရားမ လူဝင်စားသည်ဟု မိသားစုက ယူဆနေကြ
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 

အိန္ဒိယနိုင်ငံတွင် လက်ချောင်းနှင့် ခြေချောင်း (၂၆) ချောင်းနှင့် မွေးဖွားလာသည့် မွေးကင်းစ မိန်းကလေးကို သူမ၏ မိသားစုက ဟိန္ဒူနတ်ဘုရားမ လူဝင်စားသည်ဟု ထင်မှတ်နေကြသည်။ 

အိန္ဒိယမြောက်ပိုင်း ရာဂျက်စတန်ပြည်နယ် ဘာရတ်ပူးရ်မြို့မှ မွေးကင်းစကလေးငယ်တွင် လက်တစ်ဖက်စီ၌ လက်ချောင်း (၇) ချောင်းနှင့် ခြေထောက်တစ်ဖက်စီ၌ ခြေချောင်း (၆) ချောင်း ပါရှိသည်။

ဆေးပညာရှင်များက ထိုကလေးငယ်မှာ ရှားပါးသော မျိုးဗီဇ မူမမှန်မှုနှင့် မွေးဖွားလာခဲ့ခြင်း ဖြစ်ကြောင်း ပြောကြသော်လည်း သူမ၏ မိသားစုကမူ ဟိန္ဒူနတ်ဘုရားမ ဒုတိယအကြိမ် ကြွလာမှုဟု ယုံကြည်နေကြသည်။ 

အိန္ဒိယတွင် Dholagarh Devi မှာ လူသိများသည့် နတ်ဘုရားမ ဖြစ်ပြီး ကလေးငယ် မွေးဖွားခဲ့သည့်နေရာမှာ ထိုနတ်ဘုရားမ၏ ကျောင်းဆောင်အနီးတွင် ဖြစ်သည်။

 Dholagarh နတ်ဘုရားမ ရုပ်တုများကို ထုဆစ်ပုံဖော်ရာ၌ လက်နှစ်ဖက်ထက်မက ပို၍ပါရှိသော ငယ်ရွယ်သည့် မိန်းကလေးတစ်ဦးအဖြစ် ပုံဖော်ကြသည်။

ကလေး၏ မိခင်ဖြစ်သူ အသက် (၂၅) နှစ်အရွယ် Sarju Devi က ပီတိဖြစ်နေပုံရသည်ဟု ဆိုသည်။ 

Sarju ၏ အကိုဖြစ်သူက "ကျွန်တော့်ညီမက လက်ချောင်းနဲ့ ခြေချောင်း (၂၆) ချောင်းပါတဲ့ ကလေးလေး မွေးဖွားခဲ့ပြီး ဒါက နတ်ဘုရားမ Dholagarh Devi လူဝင်စားတာလို့ ကျွန်တော်တို့ ယူဆထားပါတယ်။ ကျွန်တော်တို့ အရမ်း ပျော်ပါတယ်" ဟု အိန္ဒိယမီဒီယာကို ပြောခဲ့သည်။

 Central Reserve Police Force တွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်ဖြစ်သူ ကလေး၏ဖခင် Gopal Bhattacharya ကလည်း ပီတိဖြစ်နေကြောင်း စက်တင်ဘာလ (၁၉) ရက်နေ့ NY Post သတင်းတွင် ဖော်ပြသည်။

၎င်းတို့၏ကလေးတွင် အပိုပါရှိနေသည့် လက်ချောင်းနှင့် ခြေချောင်းများကို ခွဲစိတ်ဖယ်ရှားရန် မိဘများက ရွေးချယ်လိမ့်မည်ဟုတ် မဟုတ် မသိရသော်လည်း ထိုကလေးငယ်ထံတွင် ဆေးပညာအရ တစ်စုံတရာ ချို့ယွင်းနေခြင်း မရှိဟုဆိုသည်။ 

"လက်ချောင်း ခြေချောင်း (၂၆) ချောင်း ရှိနေလို့ ဘာအန္တရာယ်မှ မရှိပါဘူး။ ဒါပေမဲ့ ဒါက မျိုးဗီဇ မူမမှန်တာပါ။ အဲဒါကလွဲရင် မိန်းကလေးငယ်လေးက လုံးဝ ကျန်းမာပါတယ်" ဟု ဒေါက်တာ BS Soni က ပြောသည်။

#TachileikNewsAgency

Source: NY Post