သီရိလင်္ကာသမ္မတဟောင်း ကို စင်ကာပူတွင် ဖမ်းဆီးရန် လူ့အခွင့်အရေးအုပ်စု တိုင်ကြား

သီရိလင်္ကာသမ္မတဟောင်း Gotabaya Rajapaksa
သီရိလင်္ကာသမ္မတဟောင်း Gotabaya Rajapaksa
သီရိလင်္ကာသမ္မတဟောင်း ကို စင်ကာပူတွင် ဖမ်းဆီးရန် လူ့အခွင့်အရေးအုပ်စု တိုင်ကြား
ဇူလိုင် 25, 2022 | နိုင်ငံတကာသတင်း
By Mr John

 သီရိလင်္ကာနိုင်ငံတွင် ဆယ်စုနှစ်များကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်အတွင်း မတရားဖိနှိပ်မှုများ ကျူးလွန်ခဲ့မှုအတွက် သမ္မတဟောင်း Gotabaya Rajapaksa ကို ရာဇဝတ်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုရန် ကြိုးပမ်းမှုအဖြစ် လူ့အခွင့်အရေးအုပ်စုတစ်ခုက စင်ကာပူနိုင်ငံ ရှေ့နေချုပ်ရုံးသို့ တိုင်ကြားလိုက်ကြောင်း သိရသည်။

နိုင်ငံမှ ထွက်ပြေးသွားသည့် သမ္မတဟောင်း Gotabaya က ၂၀၀၉ ခုနှစ်တွင် စစ်ဘက်အကြီးအကဲအဖြစ် တာဝန်ယူခဲ့စဥ် ပြည်တွင်းစစ်ပွဲကာလအတွင်း ဂျနီဗာကွန်ဗင်းရှင်း (Geneva Conventions) သဘောတူညီချက်များကို အကြီးအကျယ် ချိုးဖောက်ခဲ့သည်ဟု လူ့အခွင့်အရေးအုပ်စု International Truth and Justice Project (ITJP) က ပြောထားကြောင်းကို Reuters သတင်းဌာနက ကြည့်ရှုခဲ့ရသော စင်ကာပူရှေ့နေချုပ်ရုံးသို့ တိုင်ကြားလိုက်သည့် စာရွက်စာတမ်းမိတ္တူအရ သိရှိရသည်။

တောင်အာဖရိကအခြေစိုက် ITJP က အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို အခြေခံပြီး သီရိလင်္ကာသမ္မတဟောင်းကို မတရားဖိနှိပ်မှုများဖြင့် စင်ကာပူတွင် တရားစွဲရန် အရေးဆိုခဲ့သည်။ 

သီရိလင်္ကာသမ္မတဟောင်း Gotabaya မှာ ၎င်း၏နိုင်ငံတွင် နှစ်ပေါင်း (၇၀) ကျော်အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်းကြောင့် လူထုအုံကြွ ဆန္ဒပြမှုများ လနှင့်ချီကြာ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပြီးနောက် စင်ကာပူသို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ထောင်ပေါင်းများစွာက ကိုလံဘိုမြို့တော်ရှိ သမ္မတနန်းတော်ကို စီးနင်းခဲ့ကြသည့် ဇူလိုင်လ (၁၃) ရက်နေ့တွင် Gotabaya မှာ နိုင်ငံမှ ထွက်ပြေးသွားခဲ့သည်။ 

ထို့နောက် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဇူလိုင်လ (၁၄) ရက်နေ့တွင် သီရိလင်္ကာသမ္မတအဖြစ်မှ နုတ်ထွက်ကြောင်း အီးမေးလ်မှတစ်ဆင့် တရားဝင်စာပေးပို့ခဲ့သည်။

ITJP က တိုင်ကြားစာပေးပို့မှုကို ဇူလိုင်လ (၂၃) ရက်နေ့တွင် လက်ခံရရှိထားကြောင်း စင်ကာပူရှေနေချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုခဲ့သော်လည်း ထိုကိစ္စအပေါ် မှတ်ချက်မပေးနိုင်ကြောင်း ပြောခဲ့သည်။ 

သီရိလင်္ကာသမ္မတဟောင်း Gotabaya မှာ စင်ကာပူသို့ ပုဂ္ဂလိကအလည်အပတ်ခရီးအဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့် မတောင်းခဲ့ကြောင်း သို့မဟုတ် နိုင်ငံရေးခိုလှုံခွင့် မပေးထားကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Source: Reuters