နိုင်ဂျီးရီးယားတွင် မင်္ဂလာပွဲမှအပြန် လှေတိမ်းမှောက်မှုကြောင့် လူ (၁၀၀) ကျော် သေဆုံး

နိုင်ဂျီးရီးယားတွင် မင်္ဂလာပွဲမှအပြန် လှေတိမ်းမှောက်မှုကြောင့် လူ (၁၀၀) ကျော် သေဆုံး
By Mr John

 နိုင်ဂျီးရီးယားနိုင်ငံ မြောက်အလယ်ပိုင်း အစွန်အဖျားနေရာတစ်ခုတွင် လူအများအပြား တင်ဆောင်လာသော လှေတစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက် (၁၀၀) ကျော်အထိ မြင့်တက်လာကြောင်း အစိုးရတာဝန်ရှိသူများက ဇွန်လ (၁၄) ရက်နေ့တွင် ပြောသည်။ 

အဆိုပါ သစ်သားလှေမှာ မင်္ဂလာပွဲမှ ပြန်လာသူများကို နိုင်ဂျာပြည်နယ်မှ ကွာရာပြည်နယ်သို့ မြစ်တစ်စင်းကိုဖြတ်၍ ပို့ဆောင်ပေးစဥ် ၂၀၂၃ခုနှစ် ဇွန်လ (၁၂) ရက် ညပိုင်းက တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

လှေတိမ်းမှောက်မှုကြောင့် လူ (၁၀၃) ဦး သေဆုံးခဲ့သည်ဟု အတည်ပြုထားကြောင်း ကွာရာပြည်နယ် ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Ajayi Okasanmi က Reuters သတင်းဌာနကို ဇွန်လ (၁၄) ရက်နေ့တွင် ပြောသည်။ 

တိမ်းမှောက်ခဲ့သည့် လှေပေါ်တွင် လူအရေအတွက် မည်မျှပါရှိကြောင်း အတိအကျ မသိရသေးသော်လည်း ဒေသခံအချို့ကမူ လူ (၂၀၀) ကျော် လိုက်ပါသွားသည်ဟု ဆိုသည်။

လှေပေါ်တွင် လိုက်ပါသွားသူများ နေထိုင်ရာ ကျေးရွာများပါဝင်သည့် Patigi ခရိုင် အကြီးအကဲ Alhaji Bologi ၏ အဆိုအရ လူ (၁၅၀) ဦး ရေနစ်ခဲ့ပြီး (၅၃) ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ 

နိုင်ဂျီးရီးယားတွင် ကုန်းလမ်းခရီးသွားလာရာ၌ လက်နက်ကိုင်အုပ်စုများက အတင်းအကျပ် ခေါ်ဆောင်မည်ကို စိုးရိမ်မှုကြောင့် ပြည်သူအများအပြားက လှေများဖြင့် ရေလမ်းခရီးကို အသုံးပြုလေ့ရှိကြသည်။ 

နိုင်ဂျီးရီးယား ရေလမ်းခရီးတွင် လှေတိမ်းမှောက်မှု အများစုမှာ ခရီးသည်များ အဆမတန် တင်ဆောင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှု အားနည်းချက်တို့ကြောင့် ဖြစ်သည်။



Source: Reuters