ရုရှားသမ္မတ ပူတင်နှင့် ဆက်စပ်သည့် ဒေါ်လာ သန်း (၇၀၀) တန် ဇိမ်ခံသင်္ဘောကို အီတလီက သိမ်းဆည်း

ရုရှားသမ္မတ ပူတင်နှင့် ဆက်စပ်သည့် ဒေါ်လာ သန်း (၇၀၀) တန် ဇိမ်ခံသင်္ဘောကို အီတလီက သိမ်းဆည်း
By Mr John

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆက်စပ်သည့် အမေရိကန်ဒေါ်လာ သန်း (၇၀၀) တန် ဇိမ်ခံသင်္ဘောတစ်စီးကို သိမ်းဆည်းရန် အီတလီအစိုးရက ညွှန်ကြားလိုက်ကြောင်း သိရသည်။



 Scheherazade ဇိမ်ခံသင်္ဘောမှာ ယမန်နှစ် စက်တင်ဘာလကတည်းက အီတလီအလယ်ပိုင်း Tuscany ဒေသရှိ ဆိပ်ကမ်းတစ်ခုတွင် ပြင်ဆင်မှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဇိမ်ခံသင်္ဘောပိုင်ရှင်မှာ ရုရှားအစိုးရ၏ အရေးပါသူများနှင့် ဆက်နွယ်နေကြောင်း အီတလီဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။



ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ဥရောပသမဂ္ဂက ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအရ အီတလီက ပူတင်နှင့်ဆက်စပ်သည့် ဇိမ်ခံသင်္ဘောကို သိမ်းဆည်းခြင်းလည်း ဖြစ်သည်။

Scheherazade ဇိမ်ခံသင်္ဘော၏ ပိုင်ရှင်အတိအကျကို အခိုင်အမာ သက်သေမပြနိုင်သော်လည်း အမေရိကန်အစိုးရအရာရှိတွေက သင်္ဘောမှာ ရုရှားသမ္မတနှင့် ဆက်စပ်ကြောင်း New York Times သတင်းဌာနကို ပြောခဲ့သည်။



ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို ထောက်ခံသူတွေကလည်း မီတာ (၁၄၀) ရှည်သည့် ဇိမ်ခံသင်္ဘောမှာ သမ္မတပူတင်နှင့် ဆက်စပ်သည်ဟု ဆိုကြသည်။

အခြား သတင်းများကတော့ ရဟတ်ယာဥ် ဆင်းသက်နေရာနှစ်ခုနှင့် အတွင်း၌ ရေကူးကန်ပါဝင်သော အဆိုပါ ဇိမ်ခံသင်္ဘောကို ရုရှားစွမ်းအင်ကုမ္ပဏီကြီး Rosneft ၏ အကြီးအကဲဟောင်း Eduard Khudainatov က ပိုင်ဆိုင်ကြောင်းနှင့် ၎င်းမှာ လက်ရှိတွင် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုစာရင်းတွင် မပါဝင်ကြောင်း ပြောသည်။



တန်ဖိုးကြီး ဇိမ်ခံသင်္ဘော အများအပြားမှာ ရုရှားဘီလျံနာများနှင့် ဆက်နွယ်နေသော်လည်း ပိုင်ရှင်မည်သူဖြစ်ကြောင်းကို ဖုံးကွယ်ထားလေ့ရှိပြီး သင်္ဘောများကို နိုင်ငံရပ်ခြားကုမ္ပဏီများမှတစ်ဆင့် မှတ်ပုံတင်ထားလေ့ရှိသည်။

Scheherazade မတိုင်မီကလည်း ရုရှားဘီလျံနာများနှင့် ဆက်နွယ်သည့် ဇိမ်ခံသင်္ဘောများကို အနောက်အုပ်စုနိုင်ငံများက သိမ်းဆည်းထားပြီးဖြစ်ကြောင်း သိရသည်။



Source: BBC