နယူးဇီလန်တွင် COVID-19 ကြောင့် သေဆုံးမှုနှုန်း စံချိန်တင်အဆင့် ဖြစ်လာ

Photo: AFP
Photo: AFP
နယူးဇီလန်တွင် COVID-19 ကြောင့် သေဆုံးမှုနှုန်း စံချိန်တင်အဆင့် ဖြစ်လာ
By Mr John

နယူးဇီလန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးမှုနှုန်းများ စံချိန်တင်မြင့်တက်နေပြီး အိုမီခရွန်ဗိုင်းရပ်စ် ထပ်ဆင့်မျိုးကွဲ ကူးစက်မှုလှိုင်းအသစ်ကို ရင်ဆိုင်နေရကြောင်းနှင့် အထူးသဖြင့် သက်ကြီးရွယ်အိုများကို ထိခိုက်နေကြောင်း သိရသည်။

 နယူးဇီလန်တွင် ဇူလိုင်လ (၁၆) ရက်အထိ (၇) ရက်အတွင်း COVID-19 ကြောင့် သေဆုံးသူ (၁၅၁) ဦးရှိခဲ့ပြီး မတ်လအတွင်း ယခင်ကူးစက်မှုလှိုင်း၏ အဆိုးဆုံး ရက်သတ္တပတ်တွင်မူ (၁၁၅) ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။

လွန်ခဲ့သည့် (၂၄) နာရီအတွင်း COVID-19 ကြောင့် အသက် (၆၀) ကျော်အရွယ် လူ (၂၆) ဦး သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာနက ဇူလိုင်လ (၂၂) ရက် ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

လူဦးရေ (၅.၁) သန်းရှိသည့် နယူးဇီလန်တွင် လတ်တလော ကူးစက်မှုလှိုင်းမှာ အိုမီခရွန် ထပ်ဆင့်မျိုးကွဲ BA.5 ကြောင့်ဖြစ်ကြောင်းလည်း သိရသည်။

ကူးစက်ခံရမှု အများအပြားကို သတင်းပေးပို့မှု မရှိကြောင်း အာဏာပိုင်များက ပြောကြသော်လည်း လွန်ခဲ့သည့် (၇) ရက်အတွင်း နယူးဇီလန်တွင် COVID-19 ကူးစက်မှု ၆၄,၇၈၀ ရှိခဲ့သည်။ 

နယူးဇီလန်တွင် ကပ်ရောဂါကို လျင်မြန်သော တုံ့ပြန်ဆောင်ရွက်မှုကို COVID-19 ကူးစက်မှု တားဆီးကာကွယ်ရေးအတွက် နမူနာပုံစံတစ်ခုအဖြစ် တစ်ချိန်က အသိအမှတ်ပြုခဲ့ကြသည်။ 

ထို့အပြင် ၎င်း၏ ပထဝီအနေအထားအရ သီးခြားတည်ရှိနေခြင်းကလည်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်မှုမှ များစွာကင်းလွတ်နေစေခဲ့သည်။

နိုင်ငံ၏ လူဦးရေအများစုမှာ ကာကွယ်ဆေးထိုးထားပြီးနောက် နယူးဇီလန်အစိုးရက COVID-19 လုံးဝကင်းစင်ရေး  zero-COVID မူဝါဒါကို ယခုနှစ်တွင် ရုပ်သိမ်းလိုက်သည်။ 

ထို့နောက်ပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ ရှိလာခဲ့သည်။ 

အရေးပေါ်ဌာနများ၊ အထွေထွေရောဂါကုဆေးခန်းများနှင့် ဆေးရုံများမှာ ဖိအားများလာခဲ့သည်ဟု ဆိုသည်။

သို့သော် ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဆေးရုံတက်ရမှုနှုန်းမှာ မတ်လအတွင်း ကူးစက်မှုလှိုင်း အထွတ်အထိပ်ရောက်ချိန်ကထက် လျော့နည်းနေဆဲဖြစ်ကြောင်း သိရသည်။ 

ကူးစက်မှုများ မြင့်တက်လာမှုကြောင့် ဆရာဝန်အချို့က အစိုးရကို လူအများစုရုံးမှုများကို ပြန်ထိန်းချုပ်ကန့်သတ်ရန် သို့မဟုတ် စာသင်ကျောင်းများတွင် မဖြစ်မနေ mask တပ်စေရန် ဖိအားပေးနေသော်လည်း အစိုးရက ထိုသို့ဆောင်ရွက်ရန် ငြင်းဆန်နေသည်။

သို့သော် ကျန်းမာရေးဝန်ကြီး Iona Holsted ကမူ အားလပ်ရက်ကုန်ပြီးနောက် လာမည့် သီတင်းပတ်အတွင်း ကျောင်းပြန်တက်ကြမည့် ကျောင်းသူကျောင်းသားများကို တတ်နိုင်သမျှ mask တပ်ရန် စည်းကမ်းထုတ်ရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းများကို အကြံပြုထားသည်ဟု ဇူလိုင်လ (၂၁) ရက်နေ့တွင် ပြောသည်။

Source: Reuters