စစ်သား (၉၀,၀၀၀) ပါဝင်မည့် NATO အဖွဲ့၏ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု စတင်မည်

စစ်သား (၉၀,၀၀၀) ပါဝင်မည့် NATO အဖွဲ့၏ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု စတင်မည်
ဇန်နဝါရီ 19, 2024 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်တပ်ဖွဲ့များက ရုရှားနှင့် နယ်နမိတ်ထိစပ်နေသော နိုင်ငံများရှိ ဥရောပ မဟာမိတ်များကို မည်သို့ အင်အားဖြည့်တင်းနိုင်မည်ကို လေ့ကျင့်သည့် NATO အဖွဲ့၏ စစ်ရေးလေ့ကျင့်မှု စတင်သွားမည်ဟု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ကြေညာခဲ့သည်။ 

အဖွဲ့ဝင်နိုင်ငံများမှ စစ်သား (၉၀,၀၀၀) ခန့် ပါဝင်ကြမည့် Steadfast Defender 2024 စစ်ရေးလေ့ကျင့်မှုမှာ စစ်အေးခေတ်နောက်ပိုင်း NATO အဖွဲ့၏ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်သည်။

ထိုစစ်ရေးလေ့ကျင်မှုတွင် လေယာဥ်တင်စစ်သင်္ဘောနှင့် ဖျက်သင်္ဘော (၅၀) ကျော်၊ ဂျက်တိုက်လေယာဥ်၊ ရဟတ်ယာဥ်နှင့် ဒရုန်း (၈၀) ကျော်နှင့် တင့်ကား (၁၃၃) စီးနှင့် ကြည်းတပ် တိုက်ခိုက်ရေးယာဥ် (၅၃၃) စီး  အပါအဝင် တိုက်ခိုက်ရေးယာဥ် အနည်းဆုံး (၁,၁၀၀) ပါဝင်မည်ဟု ဆိုသည်။ 

ယခု စစ်ရေးလေ့ကျင့်မှုအတွင်း NATO ၏ ဒေသဆိုင်ရာ အစီအစဥ်များကို အစမ်းလေ့ကျင့်သွားမည်ဖြစ်ကြောင်း NATO ထိပ်တန်းအကြီးအကဲ အမေရိကန်ဗိုလ်ချုပ်ကြီး Chris Cavoli  က ပြောသည်။

NATO မဟာမိတ်အဖွဲ့ဝင် နိုင်ငံများက ဆယ်စုနှစ်များအတွင်း ပထမဆုံး ကာကွယ်ရေး အစီအစဥ်များကို ရေးဆွဲခဲ့ပြီး ထိုအစီအစဥ်တွင် ရုရှားတိုက်ခိုက်မှုကို မည်သို့ တုံ့ပြန်ရန် အသေးစိတ် စီစဥ်ထားမှုများ ပါဝင်‌ကြောင်း သိရသည်။ 

NATO ၏ ထုတ်ပြန်ချက်တွင် ရုရှားအမည်ကို ဖော်ပြမထားသော်လည်း ၎င်း၏ ထိပ်တန်းအဆင့် မဟာဗျူဟာ စာရွက်စာတမ်းများ၌ ရုရှားမှာ NATO အဖွဲ့ဝင် နိုင်ငံများ၏ လုံခြုံရေးအတွက် အထင်ရှားဆုံးနှင့် တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ဖော်ပြထားသည်။

"Steadfast Defender 2024 မှာ ဥရောပကာကွယ်ရေးကို အင်အားဖြည့်တင်းရန် မြောက်အမေရိကနှင့် မဟာမိတ်များ၏ အခြားနေရာများမှ တပ်ဖွဲ့များကို အလျင်အမြန် စေလွှတ် တပ်ဖြန့်နိုင်သည့် NATO ၏ စွမ်းဆောင်ရည်ကို လက်တွေ့ပြသသွားမည်" ဟု NATO အဖွဲ့က ဆိုသည်။ 

ရုရှားတိုက်ခိုက်မှုကို တုံ့ပြန်ရန် အစီအစဥ်များကို လေ့ကျင့်သည့် NATO ၏ ယခု စစ်ရေးလေ့ကျင့်မှုကို ၂၀၂၄ ခုနှစ် မေလအထိ ပြုလုပ်သွားမည် ဖြစ်သည်။

Source: Reuters