မူဆယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတချို့ TNLA သိမ်းဆည်းရရှိ

မူဆယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတချို့ TNLA သိမ်းဆည်းရရှိ
စက်တင်ဘာ 18, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ နမ့်ကတ်ကျေးရွာအနီးတွင် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့က စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း TNLAထံမှ သိရသည်။

မူဆယ်မြို့နယ်၊ ဟိုပေါ်ရွာမှ နမ့်ကတ်သို့ စစ်အင်အား အများအပြားဖြင့် အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ် တပ်မ(၉၉)၊ ခမရ(၄၁၉)နှင့် TNLAတို့ ယမန်နေ့ နံနက်(၈)နာရီဝန်းကျင်မှ စတင်ကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ထို့နောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် လွယ်ကျယ်လောက်မှ ဟိုပေါ်သို့ (၁၁)ကြိမ်၊ နမ့်ကတ်အနီးသို့ (၁)ကြိမ်၊ ၁၀၅ မိုင် တပ်စခန်းမှ လွယ်ပက်သို့ (၅)ကြိမ်၊ သိန္နီတပ်စခန်းမှ မန်မိုင်အနီးသို့ (၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“တိုက်ပွဲဖြစ်တဲ့နေရာကိုတော့ လက်နက်ကြီးနဲ့ အကြိမ်(၄၀)လောက် ဆက်တိုက်ပစ်တာရှိတယ်။ လက်နက်တွေ သိမ်းဆည်းရမိတာရှိသလို စစ်ကောင်စီတပ်တွေ အထိနာခဲ့တာရှိတယ်။”ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူရှိခဲ့ပြီး လက်နက်တစ်လက်နှင့် ခဲယမ်းများကို TNLAက သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်သည် ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ နေရာအနီးကို တနေကုန် လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ကာ ယနေ့စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းတွင်လည်း လက်နက်ကြီးနှင့် ပစ်ခတ်နေကြောင်း ဒေသခံများက Tachileik News Agencyကို အတည်ပြုသည်။ 

“မနေ့က လက်နက်ကြီးနဲ့တစ်နေကုန်ပစ်တာ။ မနက်(၉)နာရီလောက်ကနေ ညမိုးချုပ်ခါနီးအထိ ပစ်နေတာ။ တစ်ခါတလေ (၃)၊ (၄)လုံး ဆက်တိုက်ပစ်တယ်။ တခါတလေကျတော့ တစ်လုံးချင်း၊ နည်းနည်းကြာမှ ပစ်တာမျိုးတွေလည်းရှိတယ်။ အခု(စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်)မှာလည်း တစ်ချက်ချင်း နားလိုက်၊ ပစ်လိုက်လုပ်နေတုန်း။”ဟု ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် မိုးကုတ်မြို့နယ်တွင်လည်း TNLA တပ်ဖွဲ့များရှိရာနေရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တပ်မ(၄၄)၊ ခမရ(၁၀၂)၊ (၁၀၄)၊ လပခ/ခလရ(၁၄၈)တို့နှင့်လည်း ယင်းနေ့ နံနက်(၉)နာရီဝန်းကျင်တွင် ကုန်းစံရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေ(၅)နာရီတွင် TNLA က စစ်ကောင်စီတပ်အား ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ် တပ်မ(၄၄)၊ ခမရ (၁၀၂)၊ (၁၀၄)၊ လပခ/ခလရ(၁၄၈)တို့နှင့် TNLA တို့ နေ့လယ်ပိုင်းတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားသည့် ကုန်းစံအနီးနှင့် အထက်ညောင်ကုန်းရွာအနီးသို့ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် မိုးကုတ်မြို့နှင့် ဖြူရောင်ကျေးရွာမှ TNLAတပ်ရှိရာအနီးသို့ လက်နက်ကြီးဖြင့် (၁၁)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် TNLAတပ်တို့အကြား မိုးကုတ်၊ မူဆယ်၊ ကျောက်မဲ၊ လားရှိုးနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

#TachileikNewsAgency