လားရှိုးမြို့သို့ ကုန်းလမ်းခရီးမှလာသူများကို မြို့အဝင်အထွက်ဂိတ်များ၌ စစ်ဆေးပြီး အထောက်အထားမပါသူများကို Quarantine ထားမည်

လားရှိုးမြို့သို့ ကုန်းလမ်းခရီးမှလာသူများကို မြို့အဝင်အထွက်ဂိတ်များ၌ စစ်ဆေးပြီး အထောက်အထားမပါသူများကို Quarantine ထားမည်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ လေကြောင်းဖြင့်လာသူများမှလွဲ၍ COVID 19 ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ် သို့မဟုတ် လားရှိုးမြို့တွင် နေထိုင်သူဖြစ်ကြောင်း ထောက်ခံစာမပါသူများကို Quarantine ထားမည်ဟု သိရသည်။

လားရှိုးမြို့တွင် COVID 19 အတည်ပြုလူနာများတွေ့ရသည်ဟုဆိုကာ မြို့အဝင်အထွက်ဂိတ်များ၌ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့မှစ၍ ခရီးသွားရာဇဝင်စစ်ဆေးခြင်းကို လုပ်ဆောင်နေပြီး မြို့တွင်းဝင်လာမည့်သူများအနေဖြင့် ကာကွယ်ဆေးထိုးထားပြီးကြောင်း လက်မှတ် သို့မဟုတ် လားရှိုးမြို့တွင် နေထိုင်ကြောင်း ထောက်ခံစာများ ပြသရန်လိုမည်ဟု သိရသည်။

သို့သော် လေကြောင်းဖြင့် လာရောက်သူများအနေဖြင့် ထောက်ခံစာပြရန်မလိုဘဲ ခရီးသွားရာဇဝင်ကိုသာ ပေးရမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့တွင် ဇွန်လ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ (၅) ရက်တာကာလအတွင်း အတည်ပြုလူနာ (၃၃) ဦးတွေ့ရှိသည်ဟုဆိုကာ မြို့အဝင်အထွက်ဂိတ်များ၌ စစ်ဆေးခြင်းကို စတင်လုပ်လာပြီး Hotel Quarantine၊ Facility Quarantine၊ Home Quarantine နှင့် Hospital Quarantine တို့ကိုလည်း ယခင်အတိုင်း ပြန်လည်လုပ်ဆောင်ရန် စီစဉ်မည်ဟု သိရသည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်ချိန်မှစ၍ နိုင်ငံအတွင်း COVID 19 ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များကို ပယ်ဖျက်လိုက်ပြီး မြို့အဝင်ဂိတ်များရှိ COVID 19 စစ်ဆေးဂိတ်များ၊ quarantine စင်တာများ၊ ဆေးရုံများဖွင့်လှစ်ခြင်းစသည့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအားလုံးကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိဘဲဖြစ်နေသည်။