တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ရုံးကို PDF တပ်များဝင်တိုက် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ရုံးကို PDF တပ်များဝင်တိုက် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
စက်တင်ဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာနှင့် လဝကရုံးနေရာတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ဒေါင်းမင်းဆီဆိုင်ဟောင်းနေရာနှင့် လဝကရုံးနေရာများကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့နံနက် (၁၂)နာရီခွဲမှ နံနက်(၃)နာရီခွဲအထိ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများ ထိခိုက်သေဆုံးသူရှိပြီး ၎င်းတို့ထံမှ အရာရှိကိုင် ခြောက်လုံးပြူးတစ်လက် အပါအဝင် လက်နက်မျိုးစုံ (၁၄)လက်နှင့် ခဲယမ်းမျိုးစုံ (၁၀၀၀)ခန့်ကို သိမ်းဆည်းရရှိခဲ့ကြောင်း Taze People's Defence Forceက Tachileik News Agencyကိုပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency