ဩစတြေးလျသိပ္ပံညာရှင်များက ကမ္ဘာ့ပထမဆုံး ရှာဖွေတွေ့ရှိမှုအဖြစ် အမျိုးသမီး တစ်ဦး၏ ဦးနှောက်အတွင်း ကပ်ပါးသန်ကောင် တွေ့ရှိ

ဩစတြေးလျသိပ္ပံညာရှင်များက ကမ္ဘာ့ပထမဆုံး ရှာဖွေတွေ့ရှိမှုအဖြစ် အမျိုးသမီး တစ်ဦး၏ ဦးနှောက်အတွင်း ကပ်ပါးသန်ကောင် တွေ့ရှိ
စက်တင်ဘာ 12, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ဩစတြေးလျနိုင်ငံမှ သိပ္ပံပညာရှင်တစ်ဦးက ကမ္ဘာ့ပထမဆုံး ရှာဖွေတွေ့ရှိမှုအဖြစ် (၃) လက်မ အရှည်ရှိသော ကပ်ပါးသန်ကောင် (parasitic worm) တစ်ကောင်ကို ကန်ဘာရာမြို့ရှိ အမျိုးသမီးတစ်ဦး၏ ဦးနှောက်အတွင်း တွေ့ရှိခဲ့ကြောင်း   ထုတ်ဖော်ပြောခဲ့သည်။ 

ယခု တွေ့ရှိရမှုက မျိုးစိတ်များကြား ကူးစက်တတ်သော သက်ရှိများ အန္တရာယ် မြင့်တက်နေကြောင်း မီးမောင်းထိုးပြနေသည်ဟု ဆိုသည်။

အသက် (၆၄) နှစ်အရွယ် အမျိုးသမီး၏ ဦးနှောက်အတွင်း တွေ့ရသည့် ကပ်ပါးသန်ကောင်မှာ carpet python စပါးအုံးမြွေများတွင် တွေ့ရလေ့ရှိသည့် သန်ကောင် အမျိုးအစားဖြစ်ကြောင်း သိပ္ပံပညာရှင်များက အတည်ပြုခဲ့သည်။ 

ထိုအမျိုးသမီးမှာ ဝမ်းဗိုက်နာကျင်ခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ ခံစားနေရပြီးနောက် ဩစတြေးလျမြို့တော် ကန်ဘာရာမြို့တွင် ၂၀၂၂ ခုနှစ်အတွင်း ခွဲစိတ်ကုသမှုခံယူစဥ် သူမ၏ ဦးနှောက်အတွင်း သန်ကောင်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုဖြစ်ရပ်ကို လေ့လာတွေ့ရှိမှုအား Emerging Infectious Diseases ဂျာနယ်တွင် ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၈) ရက်နေ့က ဖော်ပြခဲ့ပြီး ထိုအမျိုးသမီးမှာ စပါးအုံးမြွေ၏ မစင်များ ပေကျံနေသည့် မြက်ရိုင်းများနှင့် ထိတွေ့ခဲ့နိုင်ကြောင်း သုံးသပ်ထားသည်။ 

"လူတစ်ယောက်ရဲ့ ဦးနှောက်ကို ခွဲစိတ်ချိန်မှာနဲ့ တစ်ခုခုကို အသားစယူပြီး စစ်ဆေးချိန်မှာ သက်ရှင်တစ်ခုခုကို တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်ထားမိမှာ မဟုတ်ဘူး" ဟု လေ့လာမှုတွင် ပါဝင်ခဲ့သူ ဒေါက်တာ Sanjaya Senanayake က Reuters သတင်းဌာနကို ပြောသည်။

သိပ္ပံပညာရှင်များ အနေဖြင့် လူသားများတွင် ကပ်ပါးသန်ကောင်များ တွေ့ရှိရမှုနှင့် အကျွမ်းတဝင်ရှိသော်လည်း ယခုကဲ့သို့ ကြီးမားသော သန်ကောင်ကို လူသားတစ်ဦးတွင် တစ်ခါမှ မတွေ့ဖူးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။ 

ဦးနှောက်အတွင်း သန်ကောင်တွေ့ရသည့် အမျိုးသမီးမှာ ဆေးရုံမှ ပြန်ဆင်းသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သော်လည်း ဆရာဝန်များက သူမ၏ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရသည်။

 

Source: Reuters