ဆီးရီးယားနိုင်ငံရှိ ရုရှားစစ်တပ်အခြေစိုက်စခန်းအနီး အီရန်ပစ်မှတ်များကို အစ္စရေးက တိုက်ခိုက်

ဆီးရီးယားနိုင်ငံရှိ ရုရှားစစ်တပ်အခြေစိုက်စခန်းအနီး အီရန်ပစ်မှတ်များကို အစ္စရေးက တိုက်ခိုက်
သြဂုတ် 16, 2022 | နိုင်ငံတကာသတင်း
By Mr John

 အစ္စရေးက ဆီးရီးယားသမ္မတ ဘရှားအယ်လ်အာဆတ်၏ ဘိုးဘွားဇာတိနယ်မြေအနီး မြေထဲပင်လယ်ကမ်းရိုးတန်းရှိ ရုရှား၏ အဓိက ဆီးရီးယား စစ်အခြေစိုက်စခန်းနှင့် နီးကပ်သော အီရန်ပစ်မှတ်များကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသဆိုင်ရာ ထောက်လှမ်းရေးနှင့် ဆီးရီးယားစစ်တပ် သတင်းရင်းမြစ်များက ပြောသည်။

ဆီးရီးယားစစ်တပ်က အစောပိုင်း ပြောကြားမှုအရ နိုင်ငံတောင်ပိုင်း Tartous ပြည်နယ်နှင့် ဒမတ်စကက်မြို့တော်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု (၂) ခုအတွင်း စစ်သား (၃) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရခဲ့ကြောင်း သိရပြီး တည်နေရာအတိအကျကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့ အရှေ့မြောက်ပိုင်း ဆင်ခြေဖုံးကို တိုက်ခိုက်မှုများအတွင်း အီရန်လိုလားသည့် လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာ (Hezbollah) အုပ်စု၏ ကင်းစခန်းများကို ထိမှန်ခဲ့သည်ဟု ဆီးရီးယားစစ်တပ်မှ ဘက်ပြောင်းခိုလှုံလာသူ (၂) ဦးက ဆိုသည်။

Abu Afsa ကျေးရွာအနီးရှိ အီရန်စစ်အခြေစိုက်စခန်းနှင့် အနီးအနားရှိ လေကြောင်းကာကွယ်ရေးနှင့် ရေဒါစခန်းတို့ကို ပစ်မှတ်ထားခဲ့ကြောင်း အမည်မဖော်သည့် Tartous ကမ်းရိုးတန်းနယ်မြေရှိ ဆီးရီးယားစစ်တပ်အရာရှိက Reuters သတင်းဌာနကို ပြောခဲ့သည်။ 

အစ္စ‌ရေးက မကြာသေးမီနှစ်များအတွင်း ဆီးရီးယားနိုင်ငံရှိ အီရန်ပစ်မှတ်များကို အကြိမ်ပေါင်း ရာနှင့်ချီ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အများအားဖြင့် ရုရှားနိုင်ငံ၏ အဓိက စစ်အခြေစိုက်စခန်းတည်ရှိရာ ကမ်းရိုးတန်းပြည်နယ်များကိုရှောင်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အစ္စရေးက ဆီးရီးယားနိုင်ငံအတွင်း သံသယရှိသည့် အီရန်အထောက်အပံ့ဖြင့် စစ်ရေးလှုပ်ရှားမှုများနှင့် လက်နက်လွှဲပြောင်းမှုများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို ဆီးရီးယားရှိ ရုရှားတပ်ဖွဲ့များကလည်း ပုံမှန်အားဖြင့် မျက်ကွယ်ပြုထားခဲ့ကြသည်။ 

သို့သော် ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်၍ အစ္စရေးက ရုရှားကို ရှုတ်ချမှုနှင့် ရုရှားရှိ ရွှေ့ပြောင်းအခြေချသည့် ဂျူးလူမျိုးများဆိုင်ရာ အကူအညီပေးရေး ဂျူးအေဂျင်စီတစ်ခုကို ရုရှားက စိစစ်ဖျက်သိမ်းရန် လုပ်ဆောင်ခြင်းတို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေခဲ့ခြင်းဖြစ်သည်။

Source: Reuters