ထူးချွန်သည့် ကွန်မြူနစ်ပါတီဝင်အဖြစ် အမွှန်းတင်ခံထားရသည့် တရုတ် ပါမောက္ခတစ်ဦး  အနောက်အုပ်စုကို ကိုးကွယ်သူဟု စွပ်စွဲခံရပြီးနောက် ရာထူးဆိုင်းငံ့ခံရ

ထူးချွန်သည့် ကွန်မြူနစ်ပါတီဝင်အဖြစ် အမွှန်းတင်ခံထားရသည့် တရုတ် ပါမောက္ခတစ်ဦး  အနောက်အုပ်စုကို ကိုးကွယ်သူဟု စွပ်စွဲခံရပြီးနောက် ရာထူးဆိုင်းငံ့ခံရ
ဖေဖော်ဝါရီ 21, 2023 | နိုင်ငံတကာသတင်း| ပညာရေး
By Mr John

တရုတ်နိုင်ငံရှိ Hefei Normal တက္ကသိုလ်မှ ထူးချွန်သည့် ကွန်မြူနစ်ပါတီဝင်အဖြစ် အမွှန်းတင်ခံထားရသည့် တွဲဖက်ပါမောက္ခတစ်ဦး အလယ်တန်းစာသင်ကျောင်းတစ်ကျောင်း၌ ဟောပြောမှုအပြီး အနောက်အုပ်စုကို လေးစားကိုးကွယ်သူအဖြစ် စွပ်စွဲခံရပြီးနောက် ရာထူးမှဆိုင်းငံ့ခံလိုက်ရကြောင်း သိရသည်။ 

အဆိုပါ ပါမောက္ခက ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့တွင် ရှန်ဟိုင်းမြို့မှ (၂၄၈) မိုင်ကျော်အကွာရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားများအား ဟောပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကျောင်းသားတစ်ဦးက စင်ပေါ်တက်လာကာ ပါမောက္ခထံမှ မိုက်ကရိုဖုန်းကို ယူလိုက်ပြီး "သူ့မျက်လုံးထဲမှာ ငွေပဲရှိတယ်။ ပညာသင်ယူတာက ငွေအတွက်ပဲလို့ ထင်နေတာ။ အနောက်အုပ်စုကို ကိုးကွယ်ပြီး ပြည်ပအင်အားကြီးတွေ ဆန္ဒအတိုင်း ဖြည့်ဆည်းနေတယ်" ဟု အော်ဟစ်ပြောဆိုနေသည့် ဗီဒီယိုဖိုင် လူမှုကွန်ယက်တွင် ပျံ့နှံ့လာပြီးနောက် ရာထူးမှ ဆိုင်းငံ့ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသားက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ လူကြိုက်များလှသည့် စကားအသုံးအနှုန်းဖြစ်သည့် "ကျွန်တော်တို့ ဘာရည်ရွယ်ချက် ကြိုးစားပမ်းစား သင်ယူနေကြတာလဲ။ တရုတ်နိုင်ငံတော်ရဲ့ ကြီးကျယ်တဲ့ အားသစ်လောင်းမှုအတွက်ဖြစ်တယ်" ဟု ပြောဆိုခဲ့သည်ကိုတွေ့ရသည်။

လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည့် ထိုဖြစ်ရပ် ဗီဒီယိုများတွင် ပါမောက္ခ၏ ပြောကြားမှုများ မပါဝင်ခဲ့ဟု ဆိုသည်။

အမေရိကန်ကို လေးစားကိုးကွယ်နေသူဟု စွပ်စွဲခံရပြီးနောက် ရာထူးဆိုင်းငံ့ခံရသည့် ပါမောက္ခမှာ Hefei Normal တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Chen Hongyou ဖြစ်ပြီး ၎င်းက တရုတ်မီဒီယာ The Paper နှင့် အင်တာဗျူးတွင် ကျောင်းသားများအနေဖြင့် မိမိကံကြမ္မာကို ပြောင်းလဲနိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းသုံးကို အသုံးပြုရန်နှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံနှင့် ကမ္ဘာကြီးဆီကို ရှေးရှုတက်လှမ်းကြရန် ကျောင်းသားများကို အားပေးတိုက်တွန်းရန် ရည်ရွယ်ဟောပြောခဲ့ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

ပါမောက္ခက ၎င်း၏ ဟောပြောမှုအတွင်း ကျား/မ ဖြစ်တည်မှု၊ လူမျိုးရေးတို့နှင့် ပတ်သက်၍ နောက်ပြောင်ပြောကြားခဲ့သည်ဟု ဆိုသည်။ 

"နှစ်ပေါင်း (၃၀) ကျော် စာသင်လာသူတစ်ယောက်အနေနဲ့ ကျွန်တော် အရမ်းကို အပြစ်ရှိတယ်လို့ ခံစားရပါတယ်" ဟု နားလည်မှုလွဲမှားခြင်းနှင့် ပတ်သက်၍ ပါမောက္ခ Chen က ပြောခဲ့သည်။ 

ပါမောက္ခ Chen ကို ၎င်း၏တက္ကသိုလ်က ရာထူးဆိုင်းငံ့ခဲ့ပြီး ယခုကိစ္စနှင့် ဆက်စပ်သည့် စာတမ်းတစ်ခု ရေးသားပြုစုရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

Hefei Normal တက္ကသိုလ်က ၎င်း၏ဝက်ဘ်ဆိုက်တွင် ပါမောက္ခ Chen မှာ စာသင်ပြသမှု ကောင်းမွန်ကြောင်း ချီးကျူးဂုဏ်ပြုမှု အများအပြား ရရှိထားသူဖြစ်သည်ဟု ဖော်ပြထားသည့် အထ္ထုပတ္တိကိုလည်း ဖယ်ရှားပစ်ခဲ့သည်။ 

Chen အထ္တုပ္ပတ္တိအရ ၎င်းမှာ Hefei Normal တွင် ထူးချွန်သည့် ကွန်မြူနစ်ပါတီ အဖွဲ့ဝင်ဖြစ်ကြောင်းလည်း ဖော်ပြခံခဲ့ရသူ ဖြစ်သည်။

Lujiang ဒေသဆိုင်ရာ အစိုးရကမူ ပါမောက္ခ၏ ဟောပြောမှုကြောင့်  ဆရာ/ဆရာများနှင့် ကျောင်းသူ/သားများကြား မကျေနပ်မှုဖြစ်စေခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ 

သက်ဆိုင်ရာ အရာရှိများက အလယ်တန်းကျောင်းတွင် ပါမောက္ခ၏ ဟောပြောမှုကို စုံစမ်းစစ်ဆေးနေကြောင်းနှင့် တက္ကသိုလ်၏ ကွန်မြူနစ်ပါတီကော်မတီက ပါမောက္ခ Chen ကို စစ်ဆေးနေသည်ဟုလည်း သိရသည်။

Source: Bloomberg