ဩစတြေးလျအနောက်မြောက်ပိုင်းတွင်   ကြီးများသည့် ရေကြီးရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်

ဩစတြေးလျအနောက်မြောက်ပိုင်းတွင်   ကြီးများသည့် ရေကြီးရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
ဇန်နဝါရီ 9, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဩစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်းတွင် ရေကြီးမှုများအတွင်း လူနေဒေသများတွင် လမ်းပန်းဆက်သွယ်ရေး  ပြတ်တောက်ခဲ့ရာ စစ်တပ်ရဟတ်ယာဥ်များဖြင့် လူဦးရေ ရာနှင့်ချီ ရွှေ့ပြောင်းခေါ်ဆောင်ခဲ့ရကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေသည့် အစိုးရအရာရှိတစ်ဦးက ဇန်နဝါရီလ (၈) ရက်နေ့တွင် ပြောသည်။ 

အနောက်ပိုင်းဩစတြေးလျပြည်နယ်ရှိ လူနေကျဲပါးသော Kimberley ဒေသတွင် မိုးသည်းထန်စွာရွာသွန်းသော အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းမှ ပြင်းထန်သည့် မိုးလေဝသဖြစ်စဥ်အဖြစ် ဆက်လက်တည်ရှိနေသော Ellie ကြောင့် အခက်အခဲများ ဖြစ်ပေါ်နေခဲ့သည်။ 

"နေရာတိုင်းမှာ ရေတွေချည်းပဲ။ Kimberley ဒေသခံတွေက နှစ်ပေါင်း (၁၀၀) မှာ တစ်ကြိမ်ကြုံရတဲ့ ရေကြီးမှုကို ကြုံနေရတယ်။ အနောက်ပိုင်းဩစတြေးလျမှာ သမိုင်းတစ်လျှောက် အဆိုးဆုံး ရေကြီးမှုပဲ" ဟု အနောက်ပိုင်းဩစတြေးလျပြည်နယ် အရေးပေါ်ဌာနများဆိုင်ရာ ဝန်ကြီး Stephen Dawson က Perth မြို့တွင် သတင်းထောက်များကို ပြောခဲ့သည်။



အချို့နေရာများတွင် ရေကြီးမှုမှာ မိုင် (၃၀) ကျော်အကွာအဝေးအထိ မျက်စိတစ်ဆုံး ရေနစ်မြုပ်နေသည်ဟု ၎င်းကဆိုသည်။

 ဩစတြေးလျအရှေ့ပိုင်းတွင် လာနီညာရာသီဥတုဖြစ်စဥ်ကြောင့် ပြီးခဲ့သည့် (၂) နှစ်အတွင်း ရေကြီးမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ 

မိုးရွာသွန်းမှု ပိုမိုဖြစ်ပေါ်စေသော လာနီညာကြောင့် ဩစတြေးလျအရှေ့ပိုင်း ဒေသအချို့တွင် ယမန်နှစ်မှစပြီး အကြီးအကျယ် ရေကြီးရေလျှံမှု (၄) ကြိမ် ကြုံခဲ့ကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် ရေကြီးမှုများအတွင်း လူဦးရေ (၁,၃၀၀) ခန့် နေထိုင်ကြသည့် Fitzroy Crossing မြို့မှာ ရေကြီးမှု အဆိုးဆုံးကြုံရသည့် နေရာတစ်ခုဖြစ်ပြီး လမ်းမများ ရေနစ်မြုပ်နေမှုကြောင့် ရဟတ်ယာဥ်များဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ပေးနေရသည်။ 

လူဦးရေ (၅၀) ရာခိုင်နှုန်းမှာ ဌာနေဩစတြေးလျတိုင်းရင်းသားများ ဖြစ်ကြသည့် Kimberley ဒေသတဝန်း ရေကြီးနေမှုကြောင့် လူ (၂၃၃) ဦးကို ရဟတ်ယာဥ်များဖြင့် ရွှေ့ပြောင်းပေးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

 ဇန်နဝါရီလ (၈) ရက်နေ့တွင် ဩစတြေးလျမိုးလေဝသဌာန ၏ ထုတ်ပြန်ချက်အရ မုန်တိုင်းမှာ အရှေ့ဘက်သို့ဦးတည်ပြီး မြောက်ပိုင်းနယ်မြေ Northern Territory သို့ ရွေ့လျားသွားရာ မိုးရွာသွန်းမှု လျော့နည်းသွားပြီဖြစ်ကြောင်း၊ သို့သော် Kimberley တွင် စံချိန်တင် ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။ 

Fitzroy မြစ်၏ မြစ်ရေချိန်မှာ Fitzroy Crossing မြို့တွင် ဇန်နဝါရီလ (၄) ရက်နေ့က (၅၂) ပေသို့ ရောက်ရှိခဲ့ပြီး ၂၀၀၂ ခုနှစ်က (၄၆) ပေအထိ ရောက်ရှိခဲ့သည့် အမြင့်ဆုံးစံချိန်ထက် ကျော်လွန်သွားခဲ့ကြောင်း မိုးလေဝသဌာနက ပြောသည်။

Source: Reuters

Photo: Callum Lamond/via REUTERS,