ရုရှားနှင့် စစ်ပွဲအတွင်း တစ်ရက်လျှင် ယူကရိန်းစစ်သား (၂၀၀)အထိ သေဆုံးကြောင်း သမ္မတဇီလန်းစကီး၏ လက်ထောက်က ပြော ကြား

ရုရှားနှင့် စစ်ပွဲအတွင်း တစ်ရက်လျှင် ယူကရိန်းစစ်သား (၂၀၀)အထိ သေဆုံးကြောင်း သမ္မတဇီလန်းစကီး၏ လက်ထောက်က ပြော ကြား
By Mr John

ရုရှားနှင့် စစ်ပွဲအတွင်း ရှေ့တန်းနေရာတွင် ယူကရိန်းစစ်သား (၁၀၀) နှင့် (၂၀၀) အတွင်း နေ့စဥ် သေဆုံးနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်စကီး၏ အကြီးတန်းလက်ထောက်တစ်ဦးက BBC သတင်းဌာနကို ပြောခဲ့သည်။ 

နိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် ရုရှားနှင့်တိုက်ခိုက်ရန် ယူကရိန်းအနေဖြင့် အနောက်အုပ်စု အမြောက်စနစ်များ ရာနှင့်ချီ လိုအပ်ကြောင်း သမ္မတဇီလန်းစကီး၏ လက်ထောက် Mykhaylo Podolyak က ဆိုသည်။ 

ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်ရန် အသင့်မဖြစ်သေးကြောင်းလည်း ၎င်းကပြောသည်။

ရုရှားတပ်ဖွဲ့များက ဒွန်ဘတ်စ်ဒေသတစ်ခုလုံးကို ထိန်းချုပ်ရန်ကြိုးပမ်းနေရာ ယူကရိန်းစစ်သားများမှာ ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်ခံနေရကြောင်း သိရသည်။ 

"ရုရှားတပ်ဖွဲ့တွေက ရှေ့တန့်းမှာ နျူကလီးယားမဟုတ်တဲ့ အရာအားလုံးနဲ့ ပစ်လွှတ်တိုက်ခိုက်နေတယ်။ အမြောက်အကြီးစားတွေ၊ ဒုံးလက်နက်အများအပြား ပစ်လွှတ်တဲ့စနစ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်" ဟု Mykhaylo Podolyak က ပြောသည်။

အနောက်အုပ်စုထံမှ လက်နက်များ ပေးပို့ရန်လည်း ၎င်းက ထပ်မံ တောင်းခံလိုက်သည်။ 

ရုရှားနှင့် ယူကရိန်း စစ်တပ်တို့ကြား လက်နက်အင်အား တန်းတူရည်တူ မရှိခြင်းက ယူကရိန်း၏ အသေအပျောက်နှုန်း မြင့်မားရသည့်အကြောင်းရင်းဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။ 

ရုရှားကိုယှဥ်ရန် ယူကရိန်းအနေဖြင့် ဒုံးလက်နက်ပစ်လွှတ်စနစ် (၁၅၀) မှ (၃၀၀) အထိ လိုအပ်နေကြောင်းနှင့် ထိုအရေအတွက်မှာ လက်ခံရရှိထားသည့် အရေအတွက်ထက် များစွာပိုမိုကြောင်း Mykhaylo Podolyak က ဖြည့်စွက်ပြောသည်။

ငြိမ်းချမ်ရေးကိစ္စနှင့် ပတ်သက်ပြီး ရုရှားဘက်က ဖေဖေါ်ဝါရီ (၂၄) ရက်နေ့တွင် ကျူးကျော်ခဲ့ချိန်ကစပြီး သိမ်းပိုက်ထားခဲ့သည့် နယ်မြေကို လက်လွှတ်မှသာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်နိုင်မည်ဟုလည်း ၎င်းကဆိုသည်။ 

Mykhaylo Podolyak ထုတ်ဖော်ပြောခဲ့သည့် ယူကရိန်းစစ်သားများ နေ့စဥ် သေဆုံးမှုအရေအတွက်မှာ ယခင် ခန့်မှန်းထားမှုများထက် ပိုများခဲ့ကြောင်း သိရသည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ဇွန်လ (၉) ရက်နေ့တွင် ပြောကြားခဲ့မှုအရ စစ်ပွဲအတွင်း နေ့စဥ် ယူကရိန်းစစ်သား (၁၀၀) သေဆုံးနေပြီး နောက်ထပ် (၅၀၀) ဒဏ်ရာရသည်ဟု ဆိုသည်။ 

သေဆုံးဒဏ်ရာရမှု ကိန်းဂဏန်းများ ကွဲလွဲနေခြင်းက စစ်မြေပြင်မှ တိကျသည့် သတင်းအချက်အလက်ရရှိရန် မည်မျှခက်ခဲကြောင်း လက္ခဏာတစ်ခုလည်း ဖြစ်သည်။ 

ယူကရိန်းဘက်က ကြီးမားသည့်ပမာဏ သေဆုံးဒဏ်ရာရမှုများ ရှိနေသည့်နည်းတူ စစ်ပွဲအတွင်း ရုရှားစစ်သား အများအပြားလည်း သေဆုံးခဲ့ကြောင်း ဝန်ကြီး Oleksii Reznikov က ဆိုသည်။

Source: BBC