အကြွေးဆပ်ရန် ဘဏ်ကနေ ချေးယူလာသည့် ထိုင်း ဘတ်ငွေ (၁)သိန်း ကားနှင့်အတူ မီးလောင်ဆုံးရှုံးသွား

အကြွေးဆပ်ရန် ဘဏ်ကနေ ချေးယူလာသည့် ထိုင်း ဘတ်ငွေ (၁)သိန်း ကားနှင့်အတူ မီးလောင်ဆုံးရှုံးသွား
By Mr John

ထိုင်းနိုင်ငံတွင် အမျိုးသားတစ်ဦးက အကြွေးဆပ်ရန် ဘဏ်မှ ဘတ်ငွေ(၁)သိန်း  ချေးယူလာစဥ် ၎င်း၏ ဗင်ကား မတော်တဆ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ချေးလာသည့် ငွေအားလုံး မီးထဲပါသွားပြီး ဆုံးရှုံးလိုက်ရသည်။ 

ထိုင်းနိုင်ငံ အလယ်ပိုင်း ပရာချင်ဘူရီပြည်နယ်တွင် ၂၀၂၄ခုနှစ် မတ်လ(၁၄)ရက်နေ့ မွန်းလွဲ (၁)နာရီကျော်အချိန်က ဗင်ကား မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပရာဟင်တခမ်ခရိုင် မီးသတ်ဌာနမှ မီးသတ်သမားများက မီးလောင်မှုကို (၁၀) မိနစ်အတွင်း ငြှိမ်းသတ်နိုင်ခဲ့သော်လည်း ဗင်ကားနှင့် ဘတ် (၁)သိန်း အပါအဝင် ယာဉ်ပိုင်ရှင် အသက် (၃၄) နှစ်အရွယ် အမျိုးသား Chumnum  ၏  ပစ္စည်းများ လုံးဝ မီးလောင်ပျက်စီးသွားခဲ့သည်။

၎င်းနှင့် ၎င်း၏မိခင်တို့က မိသားစု၏ အကြွေးများကို ပြန်ဆပ်ရန် ဘဏ်ကနေ ငွေချေးယူခဲ့ကြောင်းနှင့် ထိုငွေများကို အကြွေးဆပ်ရန် ဗင်ကားထဲတွင် ထည့်သိမ်းထားခဲ့ခြင်း ဖြစ်ကြောင်း Chumnum က Channel 7 သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။ 

မီးလောင်သည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ၎င်းသည် ကားမောင်းလာစဥ် ညှော်နံ့ရခဲ့ပြီးနောက် ဗင်ကားကို စစ်ဆေးရန် လမ်းဘေးတွင် ရပ်ခဲ့ကြောင်း နှင့် ကားအပြင်ထွက်၍ မိနစ်အနည်းငယ်ကြာ ကားကို စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် ရုတ်တရက် မီးထလောင်ခဲ့သည်ဟု Chumnum က ဆိုသည်။ 

 Chumnum သည်  မိုဘိုင်းဖုန်းနှင့် ငွေများမှာ ဗင်ကားထဲတွင် ရှိနေခဲ့သော်လည်း မယူနိုင်ခဲ့ကြောင်း နှင့်   ကားမီးလောင်နေသည်ကို စိတ်ရှုပ်ထွေးပြီး အံ့ဩတုန်လှုပ်စွာဖြင့် ရပ်ကြည့်နေခဲ့ရသည်ဟု ဆိုသည်။