ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှု အစိုးရ၏ ရည်မှန်းချက်ထက် (၁၅) ရာခိုင်နှုန်း ကျော်လွန်

ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှု အစိုးရ၏ ရည်မှန်းချက်ထက် (၁၅) ရာခိုင်နှုန်း ကျော်လွန်
ဒီဇင်ဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှုမှာ အစိုးရ၏ ၂၀၂၂ ခုနှစ် ရည်မှန်းချက်ထက် (၁၅) ရာခိုင်နှုန်း ကျော်လွန်များပြားခဲ့ကြောင်း ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ Tourism Authority of Thailand (TAT) က ထုတ်ပြန်သည်။ 

နှစ်ကုန်တွင် ဥရောပနှင့် အမေရိကန်မှ ခရီးသွားများ လာရောက်မှုများပြားမည်ဟု ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ်အတွင်း ပြည်ပခရီးသွားဝင်ရောက်မှု စုစုပေါင်း (၁၁.၅) သန်းရှိလာမည်ဟု ဆိုသည်။



ထိုအရေအတွက်မှာ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွား (၁၀) သန်း ဝင်ရောက်ရန် အစိုးရ၏ ရည်မှန်းချက်ကို ကျော်လွန်သွားခဲ့ကြောင်း TAT အကြီးအကဲ Yuthasak Supasorn က ဒီဇင်ဘာလ (၂၃) ရက်တွင် ပြောသည်။ 

၂၀၂၂ ခုနှစ်အတွင်း ဒီဇင်ဘာလ (၂၀) ရက်အထိ ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွား (၁၀.၉) သန်း ဝင်ရောက်ခဲ့ပြီးဖြစ်ကြာင်းနှင့် ယခုနှစ်ကုန်ရက်များတွင် ခရီးသွားအများအပြား ဝင်ရောက်လာမည်ဟု ခန့်မှန်းထားကြောင်းလည်း ၎င်းကဆိုသည်။

ထိုင်းတွင် COVID-19 စည်းမျဥ်းကန့်သတ်ချက်များ အားလုံးနီးပါးကို ဖြေလျှော့လိုက်ပြီးနောက် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ပြည်ပခရီးသွားဝင်ရောက်မှု တဖြည်းဖြည်း မြင့်တက်လာပြီး စီးပွားရေးမြှင့်တင်မှု ဖြစ်စေခဲ့သည်။ 

COVID-19 ကပ်ရောဂါ မတိုင်မီက ထိုင်းနိုင်ငံ GDP (gross domestic product) ၏ (၁၂) ရာခိုင်နှုန်းမှာ ပြည်ပခရီးသွားများထံမှဖြစ်ကြောင်း အစိုးရအချက်အလက်များအရ သိရသည်။

၂၀၂၂ ခုနှစ်တွင် ပြည်တွင်းခရီးသွားများ အပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍမှ ဝင်ငွေမှာ ဘတ် (၁.၅) ထရီလီယံ ရှိလာမည်ဖြစ်ပြီး COVID-19 မတိုင်မီနှင့် နှိုင်းယှဥ်ပါက ထက်ဝက်ခန့်ပမာဏသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း TAT အကြီးအကဲ Yuthasak က ပြောသည်။ 

TAT ၏ ခန့်မှန်းချက်အရ လာမည့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းခရီးသွားများ မပါဝင်ဘဲ နိုင်ငံတကာမှ ခရီးသွားများထံမှ ထိုဝင်ငွေပမာဏကို ရရှိလာသင့်ကြောင်းလည်း ၎င်းကဆိုသည်။

၂၀၂၃ ခုနှစ်တွင် ပြည်တွင်းခရီးသွားများ အပါအဝင် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍမှ ဝင်ငွေ (၂.၃၈) မှာ ဘတ် (၂.၃၈) ထရီလီယံ ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ 

TAT က ၂၀၂၃ ခုနှစ်အတွက် ပြည်ပခရီးသွားဝင်ရောက်မှု ရည်မှန်းချက်ကို အပြောင်းအလဲမရှိဘဲ သန်း (၂၀) အဖြစ် ဆက်လက် သတ်မှတ်ထားပြီး ထိုအရေအတွက်မှာ ၂၀၁၉ ခုနှစ်က ပြည်ပခရီးသွားဝင်ရောက်မှု၏ ထက်ဝက်သည်။

ထိုင်းနှင့်အိမ်နီးချင်း မြန်မာနိုင်ငံတွင်မူ စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် နိုင်ငံရေးအကျပ်အတည်းနှင့် တစ်နိုင်ငံလုံးအနှံ့ မတည်ငြိမ်မှုများ ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်နေရာ ပြည်ပခရီးသွားဝင်ရောက်မှု မရှိသလောက်ပင် ဖြစ်သည်။ 

ပြည်ပခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်မှု များပြားခဲ့သည့် ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပုဂံတွင်လည်း ခရီးသွားလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများမှာ စားဝတ်နေရေးအတွက် အခြားလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်နေရကြောင်း သိရသည်။

Source: Bangkok Post