ကနေဒါတွင် ပျားအကောင်ရေ (၅) သန်း ပါဝင်သော သေတ္တာများ ကားပေါ်မှ ပြုတ်ကျခဲ့ရာ ရဲတပ်ဖွဲ့ကို ခေါ်ခဲ့ရ

ကနေဒါတွင် ပျားအကောင်ရေ (၅) သန်း ပါဝင်သော သေတ္တာများ ကားပေါ်မှ ပြုတ်ကျခဲ့ရာ ရဲတပ်ဖွဲ့ကို ခေါ်ခဲ့ရ
စက်တင်ဘာ 12, 2023 | နိုင်ငံတကာသတင်း
By Mr John

 ကနေဒါနိုင်ငံ လမ်းမတစ်ခုတွင် ပျားအကောင်ရေ (၅) သန်း ပါဝင်သော သေတ္တာများ ကုန်တင်ကားတစ်စီးပေါ်မှ ပြုတ်ကျခဲ့ရာ ရဲတပ်ဖွဲ့ကို အကြောင်းကြား ခေါ်ယူခဲ့ရပြီး ပျားများကို ပြန်လည်စုဆောင်းထိန်းသိမ်းရန် ပျားမွေးမြူရေးသမားများ အသည်းအသန် ကြိုးပမ်းခဲ့ရသည်။ 

ပျားများကို သယ်ယူပို့ဆောင်စဥ် Burlington မြို့ Dundas လမ်း၏ မြောက်ဘက် Guelph Line လမ်းပေါ်တွင် နံနက် (၆) နာရီ (၁၅) မိနစ်ခန့်အချိန်က ကုန်တင်ကားပေါ်မှ ပျားသေတ္တာများ ပြုတ်ကျခဲ့ရာ Halton Regional Police Service (HRPS) ရဲတပ်ဖွဲ့မှ ရဲအရာရှိများကို ခေါ်ယူခဲ့ရသည်။

"ဘယ်လိုဖြစ်ခဲ့တယ် ဒါမှမဟုတ် ဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ အတိအကျ မသိပါဘူး။ ဒါပေမဲ့ ပျားတွေထည့်ထားတဲ့ သေတ္တာတွေက ကုန်တင်ကားပေါ်ကနေ ပြုတ်ကျပြီး လမ်းမပေါ်မှာ ပြန့်ကျဲနေတယ်" ဟု HRPS ပြောခွင့်ရပုဂ္ဂိုလ် ရိုင်ယန်အန်ဒါဆန်က CBC News သတင်းဌာနကို ပြောခဲ့သည်။ 

ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သူ ပျားမွေးမြူရေးသမား Luc Peters က ယခုကဲ့သို့ ကိုးရိုးကားရား ဖြစ်ရပ်မျိုးမှာ ပုံမှန်ဖြစ်လေ့မရှိဟု ပြောသည်။

အနီးအနားရှိ Royal Botanic Gardens ရုက္ခဗေဒဥယျာဥ်တွင် ပျားအကောင်ရေ (၄၀၀,၀၀၀) နီးပါးကို မွေးမြူထိန်းသိမ်းနေသူ Peters ၏ အဆိုအရ ဤမျှကြီးမားလှသည့် ပျားအုပ်စုကြီးမှာ ပုံမှန်အားဖြင့် လွတ်လွတ်လပ်လပ် ပျံသန်းမည့်အစား ၎င်းတို့၏ သေတ္တာအတွင်း၌သာ ရှိနေတတ်ကြကြောင်း သိရသည်။ 

ပျားသေတ္တာများ လမ်းမပေါ် ပြုတ်ကျခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ယာဥ်မောင်းများကို ကားပြတင်းပေါက်မှန်များ တင်ထားကြရန်နှင့် အနီးအနားရှိ ဒေသခံများကိုလည်း အိမ်ပြတင်းပေါက်များ ပိတ်ထားကြရန် တိုက်တွန်းခဲ့သည်။

ပျားသေတ္တာများ ပြုတ်ကျမှုဖြစ်ခဲ့ပြီးနောက် (၃) နာရီခန့်အကြာ  နံနက် (၉) နာရီကျော်တွင် ပျားများကို ရှင်းလင်းပြီးစီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

ထိုပျားအုပ်စုကြီးကို လယ်သမားများက ၎င်းတို့၏ ကောက်ပဲသီးနှံစိုက်ခင်းတွင် ဝတ်မှုန်ကူးရန် ငှားရမ်းခဲ့ပြီးနောက် ပြန်လည်သယ်ဆောင်ပို့ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Source: CBC News

Photo: Luc Peters, Carlos Osorio/The Canadian Press, Ken Townsend/CBC, AP