ထိုင်းနိုင်ငံအတွင်း တရားမဝင် နေ့ကလေးထိန်းကျောင်းများကို စီးနင်းမှုအတွင်း ဖမ်းခံရသူများတွင် မြန်မာအမျိုးသမီး တစ်ဦး ပါဝင်

Photo: Surat Thani immigration police
Photo: Surat Thani immigration police
ထိုင်းနိုင်ငံအတွင်း တရားမဝင် နေ့ကလေးထိန်းကျောင်းများကို စီးနင်းမှုအတွင်း ဖမ်းခံရသူများတွင် မြန်မာအမျိုးသမီး တစ်ဦး ပါဝင်
By Mr John

ထိုင်းနိုင်ငံ ဆူရတ်ဌာနီပြည်နယ်တွင် နိုင်ငံခြားသား ကလေးငယ်များအတွက် တရားမဝင် ဖွင့်လှစ်ထားသော နေ့ကလေးထိန်းကျောင်းကို ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးခံရသူများအနက် မြန်မာအမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရသည်။ 

အစ္စရေးနိုင်ငံသူ အမျိုးသမီးတစ်ဦးက ဆူရတ်ဌာနီပြည်နယ် Koh Phangan ကျွန်းပေါ်တွင် နိုင်ငံခြားသား ကလေးငယ်များအတွက် တရားမဝင် နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ 

အဆိုပါ အစ္စရေး အမျိုးသမီးနှင့်အတူ အခြား နိုင်ငံခြားသား ဝန်ထမ်း (၄) ဦးကိုလည်း တရားမဝင် အလုပ်လုပ်ကိုင်မှုနှင့် ဆက်စပ်ပြစ်မှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့် ဝန်ထမ်း (၄) ဦးတွင် မြန်မာအမျိုးသမီးတစ်ဦး ပါဝင်သည်။ 

Koh Phangan ခရိုင် အုပ်ချုပ်ရေးမှူး Noppado Khaomali က ဒေသဆိုင်ရာ အရာရှိများကို ဦးဆောင်ပြီး ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး အရာရှိများနှင့် သက်ဆိုင်ရာဌာနများက ဆူရတ်ဌာနီပြည်နယ် တောင်ပိုင်းရှိ နေအိမ်တစ်အိမ်ကို ၂၀၂၄ ခုနှစ် မတ်လ (၁၄) ရက်နေ့တွင် ဝင်ရောက်စီးနင်း စစ်ဆေးခဲ့ကြသည်။ 

ထိုနေအိမ်တွင် နိုင်ငံခြားသား ကလေးငယ်များအတွက် နေ့ကလေးထိန်းကျောင်းအဖြစ် တရားမဝင် ဖွင့်လှစ်လုပ်ကိုင်နေကြောင်း တွေ့ရှိခဲ့သည်။

စီးနင်းမှုအတွင်း အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၂) ဦး ပါဝင်သော နိုင်ငံခြားသား (၅) ဦးကို ဖမ်းဆီးခဲ့ကြောင်း Noppadol က ပြောသည်။ 

၎င်းတို့အနက် အစ္စရေးနိုင်ငံသူနှင့် နေ့ကလေးထိန်းကျောင်း ပိုင်ရှင်  အသက်(၅၆)နှစ်ရှိ Suli Shulamite Avraham ကို နိုင်ငံခြားသားတစ်ဦးက ခွင့်ပြုချက်မရှိဘဲ နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်မှု၊ အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက်မရှိသော နိုင်ငံခြားသားများကို ဝန်ထမ်းအဖြစ် ငှားရမ်းမှုနှင့် နိုင်ငံခြားသား ဝန်ထမ်းများ ငှားရမ်းခြင်းကို ဒေသခံ သက်ဆိုင်ရာဌာနသို့ အသိပေးရန် ပျက်ကွက်မှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။

ဖမ်းဆီးခဲ့သည့် အမျိုးသား (၂) ဦးမှာ အစ္စရေးနိုင်ငံသား အသက်(၅၀)နှစ်ရှိ  Alon Jacob   နှင့် ဗြိတိန်နိုင်ငံသား အသက်(၃၈)နှစ်ရှိ   Daniel Stewart တို့ ဖြစ်ပြီး ၎င်းတို့ကို နိုင်ငံခြားသားများ ခွင့်ပြုချက်မရှိဘဲ အလုပ် လုပ်ကိုင်မှုဖြင့် စွဲချက်တင်ထားသည်။ 

နေ့ကလေးထိန်းကျောင်း စီးနင်းမှုအတွင်း ဖမ်းဆီးခံရသည့် အခြား အမျိုးသမီး (၂) ဦးမှာ မြန်မာနိုင်ငံသူဖြစ်သည့် အသက်(၂၈)နှစ်ရှိ မလှလှဝင်း နှင့် တောင်အာဖရိကနိုင်ငံသူ အသက်(၄၂)နှစ်ရှိ Louise Cilliers တို့ဖြစ်ကြောင်း သိရသည်။

ထိုအမျိုးသမီး (၂) ဦးမှာ ထိုင်းတွင် အလုပ် လုပ်လုပ်ရန် ခွင့်ပြုချက်ရရှိထားသော်လည်း ၎င်းတို့၏ အလုပ်ရှင်၊ လုပ်ငန်းခွင် တည်နေရာနှင့် အလုပ်အမျိုးအစားတို့ကို ဒေသခံ သက်ဆိုင်ရာဌာနသို့ အကြောင်းကြားရန် ပျက်ကွက်မှုဖြင့် စွဲချက်တင်ခံရသည်။ 

နေ့ကလေးထိန်းကျောင်းမှ ဖမ်းဆီးခဲ့သူ အားလုံးကို တရားဥပဒေအရ ဆက်လက် ဆောင်ရွက်ရန်အတွက် Koh Phangan ရဲစခန်းသို့ လွှဲပြောင်းခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း Full Moon Party ဟု လူသိများသည့် Koh Phangan ကျွန်းပေါ်၌ပင် တရားမဝင် နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်မှုဖြင့် ရဲတပ်ဖွဲ့က အမေရိကန် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့သည်။ 

အသက် (၃) နှစ်မှ (၅) နှစ်ကြားအရွယ် နိုင်ငံခြားသား ကလေးငယ် (၂၀) ခန့်ကို နေ့ကလေးထိန်းကျောင်းတွင် တွေ့ရှိခဲ့ရသည်။ 

ထိုနေ့ကလေးထိန်းကျောင်းတွင် ကလေးထိန်းအဖြစ် လုပ်ကိုင်နေသည့် နိုင်ငံခြားသူ အမျိုးသမီး (၃) ဦးနှင့် အိမ်အကူအဖြစ် လုပ်ကိုင်နေသူ မြန်မာအမျိုးသမီး (၄) ဦးကိုလည်း တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးစွဲချက်တင်ခဲ့ကြောင်း သိရသည်။