ထိုင်းနိုင်ငံတွင် လူကြိုက်များသည့် အီကြာကွေးနှင့် လက်ဖက်ရည်အအေး တွဲဖက်စားသောက်ခြင်း ရှောင်ကြဥ်ကြရန် ကျန်းမာရေးဌာနက တိုက်တွန်း

ထိုင်းနိုင်ငံတွင် လူကြိုက်များသည့် အီကြာကွေးနှင့် လက်ဖက်ရည်အအေး တွဲဖက်စားသောက်ခြင်း ရှောင်ကြဥ်ကြရန် ကျန်းမာရေးဌာနက တိုက်တွန်း
By Mr John

ထိုင်းနိုင်ငံတွင် လူကြိုက်များသည့် Pa Thong Ko ခေါ် ထိုင်းအီကြာကွေးနှင့် လက်ဖက်ရည်အေး ကို နံနက်စာအတွက် တွဲဖက်စားသောက်ခြင်း ရှောင်ကြဥ်ကြရန် ထိုင်းကျန်းမာရေးဌာနက စားသုံးသူများကို တိုက်တွန်းထားသည်။ 

ထိုင်းအီကြာကွေးနှင့် လက်ဖက်ရည်အေး တွဲဖက်စားသောက်ခြင်းက ကယ်လိုရီ (calorie) အလွန်အကျွံရရှိပြီး ကျန်းမာရေးထိခိုက်စေမှုကြောင့် ရှောင်ကြဥ်ကြရန် ထိုင်းကျန်မာရေးဌာနက တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

အွန်လိုင်းခရီးသွားလမ်းညွှန်ဝက်ဘ်ဆိုက် TasteAtlas က အကောင်းဆုံး ထိုင်းအစားစာ (၁၀) မျိုးကို ရွေးချယ်ဖော်ပြခဲ့ရာတွင် ထိုင်းအီကြာကွေးလည်း ပါဝင်လာခဲ့ပြီးနောက် ကျန်းမာရေးဌာန အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Suwannachai Wattanayingcharoenchai က ထိုသို့ သတိပေး တိုက်တွန်းချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အလေးချိန် (၁၀၀) ဂရမ်ရှိ ထိုင်းအီကြာကွေးတစ်ခုတွင် ကယ်လိုရီ (၄၄၁) ပါဝင်ပြီး အလယ်အလတ် အရွယ်အစား ထိုင်းအီကြာကွေးတစ်ချောင်းတွင် ကယ်လိုရီ (၁၃၂) ပါဝင်သည်။ 

အများပြည်သူအနေဖြင့် ဆီအသစ်ဖြင့် ကြော်ထားသည့် ထိုင်းအီကြာကွေးကို ဝယ်ယူသင့်ကြောင်းနှင့် တစ်နေ့လျှင် (၂) ချောင်းထက် ပိုမစားသင့်ကြောင်းလည်း ဒေါက်တာ Suwannachai က ပြောခဲ့သည်။ 

"ထိုင်းအီကြာကွေး Pa Thong ko က ကာဗိုဟိုက်ဒရိတ် (carbohydrate) နဲ့ ပြည့်ဝဆီ ပါဝင်ပြီး မြင့်မားတဲ့ ကယ်လိုရီ (စွမ်းအင်ဓာတ်) ပေးစွမ်းတဲ့ အဆာပြေစားစရာတစ်ခု ဖြစ်ပါတယ်။ ကယ်လိုရီ ပိုမိုလိုအပ်သူတွေအတွက် သင့်လျော်ပါတယ်။ ဒါပေမဲ့ ထိုင်းအီကြာကွေးမှာ မုန့်ဖုတ်ဆော်ဒါမှုန့်နဲ့ ဆားတို့ကနေ ဆိုဒီယမ် (sodium) ပါဝင်မှုလည်း မြင့်မားပါတယ်။ ဒါကြောင့် သွေးတိုးရောဂါနဲ့ သိုင်းရွိုက်ဟော်မုန်းများတဲ့ရောဂါ (Hyperthyroidism) ရှိသူတွေအတွက် မကောင်းပါဘူး" ဟု ဒေါက်တာ Suwannachai က ပြောသည်။

ထိုင်းအီကြာကွေးများကို ပြန်ကြော်ဆီခေါ် အသုံးပြုပြီးသား ဆီဖြင့် ကြော်လေ့ရှိပြီး ထိုဆီတွင် ကင်ဆာရောဂါဖြစ်စေသည့် ကာဆီနိုဂျင် (carcinogen) ပါဝင်ကြောင်း သိရသည်။



ထို့အတူ ထိုင်းအီကြာကွေးကို လက်ဖက်ရည်နှင့် တို့စားခြင်းကလည်း ကယ်လိုရီ အလွန်အကျွံရစေနိုင်သည်ဟု ဆိုသည်။ 

ထိုင်းလက်ဖက်ရည် cah Thai (၂၀၀) မီလီလီတာ တစ်ခွက်တွင် ကယ်လိုရီ (၄၃၀) ပါဝင်နေပြီး ထိုပမာဏမှာ သကြား လက်ဖက်ရည်ဇွန်း (၁၃) ဇွန်းအထိနှင့် ညီမျှနေကြောင်းနှင့် စားသုံးသူတစ်ဦးမှာ တစ်နေ့လျှင် သကြား လက်ဖက်ရည်ဇွန် (၆) ဇွန်းထက် ပိုမစားသုံးသင့်ကြောင်း ဒေါက်တာ Suwannachai က ပြောသည်။

"လက်ဖက်ရည် နေ့တိုင်းသောက်တာက ဆီးချိုရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြေားကျဥ်းရောဂါ၊ ကင်ဆာ၊ သွေးတိုး၊ ကိုလက်စထေရောဓာတ်နဲ့ အဆီဓာတ် မြင့်မားခြင်းတို့ ဖြစ်နိုင်ခြေပိုများပါတယ်" ဟု ၎င်းကဆိုသည်။ 

ကျန်းမာရေးနှင့်ညီညွတ်သော ထိုင်းလက်ဖက်ရည်အေးမှာ အချိုပေါ့သင့်ပြီး တစ်ခွက်လျှင် သကြား လက်ဖက်ရည်ဇွန်း (၂) ဇွန်းထက် မပိုသင့်ကြောင်းလည်း ဒေါက်တာ Suwannachai က အကြံပြုခဲ့သည်။

#TachileikNewsAgency

Source: Bangkok Post, CNA