ဖိလစ်ပိုင်၏ ရွေးကောက်ပွဲတွင် တရားဝင် မဟုတ်သည့် စာရင်းအရ အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်၏ သား အနိုင်ရ

ဖိလစ်ပိုင်၏ ရွေးကောက်ပွဲတွင် တရားဝင် မဟုတ်သည့် စာရင်းအရ အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်၏ သား အနိုင်ရ
By Mr John

 မေလ (၉) ရက်နေ့က ပြုလုပ်ခဲ့သည့် ဖိလစ်ပိုင် သမ္မတ ရွေးကောက်ပွဲတွင် တရားဝင် မဟုတ်သည့် စာရင်းများအရ ဖာဒီနန်မားကို့စ်ဂျူနီယာ (ဘောင်ဘောင်မားကို့စ်) က မဲအပြတ်အသတ်ဖြင့် အနိုင်ရကြောင်း သိရသည်။

မားကို့စ်ဂျူနီယာ သမ္မတရွေးကောက်ပွဲ အနိုင်ရမှုက ၎င်း၏ ကွယ်လွန်သူဖခင် ဖာဒီနန်မားကို့စ်၏ ဆယ်စုနှစ် (၂) ခုကြာ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့သော ၁၉၈၆ ခုနှစ် တော်လှန်ရေး နောက်ပိုင်း ပထမဆုံးအကြိမ် မဲအများစုဖြင့် အနိုင်ရခြင်းလည်း ဖြစ်လာသည်။

တရားဝင် အတည်ပြုထာခြင်း မဟုတ်သေးသည့် စာရင်းများအရ ဘောင်ဘောင်ဟု လူသိများသူ မားကို့စ်ဂျူနီယာက အများစုဖြစ်ရန် လိုအပ်သည့် ထောက်ခံမဲ (၂၇.၅) သန်းကို ကျော်လွန်ရရှိထားပြီဟု ဆိုသည်။

ဂျူနီယာမားကို့စ် သမ္မတရွေးကောက်ပွဲအနိုင်ရမှုက (၃၆) နှစ်ကြာပြီးနောက် မတွေးဝံ့စရာ တစ်ချိန်က မားကို့စ်မိသားစုအုပ်ချုပ်မှု ပြန်ရောက်လာမည့် အခြေအနေလည်းဖြစ်ကြောင်း စိုးရိမ်မှုများလည်း ရှိနေသည်။



တရားဝင်မဟုတ်သေးသည့် Commission on Elections (COMELEC) စာရင်းများအရ မဲလက်မှတ် (၉၃.၈) ရာခိုင်နှုန်းကို ရေတွက်ပြီးစီးချိန်တွင် မားကို့စ်ဂျူနီယာက ထောက်ခံမဲ (၂၉.၉) ရာခိုင်နှုန်း ရရှိထားပြီး ၎င်း၏ အနီးဆုံးပြိုင်ဘက်ဖြစ်သူ လက်ရှိ ဒုတိယသမ္မတ လင်နီရိုဘရီဒိုထက် နှစ်ဆပိုများကြောင်း သိရသည်။

ယခုနှစ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် (၆၇) သန်းကျော်အနက် (၈၀) ရာခိုင်နှုန်းခန့်က လာရောက်မဲပေးခဲ့ကြသည်ဟု ဆိုသည်။



မားကို့စ်ဂျူနီယာနှင့်အတူ ဒုတိယသမ္မတနေရာအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်သူ လက်ရှိသမ္မတဒူတာတေး၏ သမီး ဆာရာဒူတာတေးကလည်း အနိုင်ရရန် သေချာနေပြီး တရားဝင်မဟုတ်သည့် စာရင်းများအရ ထောက်ခံမဲ (၃၁) သန်းကျော် ရရှိထားသည်။

သူမနှင့် အနီးဆုံးပြိုင်ဘက်ဖြစ်သူ လစ်ဘရယ်ပါတီမှ ဖရန်စစ်ပန်ဂီလီနန်က ထောက်ခံမဲ (၉) သန်းကျော်သာ ရရှိထားသည်ဟု ဆိုသည်။

ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ တရားဝင်ရလဒ်ကို ယခုလကုန်ဝန်းကျင်တွင် ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။

 ရွေးကောက်ပွဲကျင်းပနေချိန်အတွင်း မငြိမ်မသက်မှုဖြစ်နေသည့် နိုင်ငံ၏ တောင်ပိုင်းနယ်မြေရှိ မဲရုံတစ်ခု၌ သေနတ်သမားများ ပစ်ခတ်မှုကြောင့် လုံခြုံရေးအစောင့် (၃)ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။



Source: Reuters, BBC