တောင်ကိုရီးယားနိုင်ငံတွင် အပြင်းထန်ဆုံး မုန်တိုင်းဝင်ပြီး လူသေဆုံးမှုနှင့် ပျောက်ဆုံးမှုများရှိ

တောင်ကိုရီးယားနိုင်ငံတွင် အပြင်းထန်ဆုံး မုန်တိုင်းဝင်ပြီး လူသေဆုံးမှုနှင့် ပျောက်ဆုံးမှုများရှိ
စက်တင်ဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

တောင်ကိုရီးယားနိုင်ငံကို စက်တင်ဘာလ (၆) ရက်က တိုင်ဖွန်းမုန်တိုင်း Hinnamnor ဝင်ရောက်တိုက်ခတ်ခဲ့မှုအတွင်း လူတစ်ဦး သေဆုံးပြီး (၉) ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ 

တိုင်ဖွန်း Hinnamnor က တောင်ကိုရီးယား ကုန်းတွင်းပိုင်းတွင် ဖြတ်သန်းတိုက်ခတ်ပြီးနောက် ပင်လယ်ပြင်သို့ ပြန်ထွက်သွားခဲ့ပြီး အဆောက်အအုံများ ကြီးမားသည့် ပျက်စီးဆုံးရှုံးမှု အနည်းငယ်ရှိခဲ့သည်ဟု ဆိုသည်။

 

ယခု တိုင်ဖွန်းမုန်တိုင်းမှာ (၁၀) နှစ်များအတွင်း တောင်ကိုရီးယားကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် အပြင်းထန်ဆုံး မုန်တိုင်းများအနက် တစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတောင်ပိုင်း Jeju ကျွန်းတွင် စက်တင်ဘာလ (၅) ရက်နေ့ ညပိုင်းအထိ တိုက်ခတ်ခဲ့ပြီးနောက် စက်တင်ဘာလ (၆) ရက် နံနက်အစောပိုင်းတွင် ဆိပ်ကမ်းမြို့ ဘူဆန်အနီး ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

မုန်တိုင်းကြောင့် ကြီးမားသည့် လှိုင်းလုံးများတက်လာပြီး မိုးသည်းထန်စွာရွာသွန်းမှုကာ လေပြင်းတိုက်ခတ်မှုတို့ကြောင့် ကမ်းခြေတစ်လျှောက် လမ်းမများနှင့် ဈေးဆိုင်များ ပျက်စီးခဲ့မှုဖြစ်ပေါ်ခဲ့သည်။ 

စက်တင်ဘာလ (၆) ရက် ဒေသစံတော်ချိန် နံနက် (၁၁) နာရီအချိန် မိုးလေဝသထုတ်ပြန်ချက်အရ တိုင်ဖွန်း Hinnamnor က အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် (၃၈) မိုင်ကျော် အမြန်နှုန်းဖြင့် ရွေ့လျားနေပြီး ဂျပန်နိုင်ငံ Sapporo ကျွန်း၏ အနောက်ဘက် မိုင် (၂၆၀) အကွာခန့်မှ ဖြတ်သန်းသွားမည်ဟု ခန့်မှန်းထားသည်။

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းရှိ Ulsan မြို့တွင် မိုးရေပြည့်လျှံနေသည့် ချောင်းတစ်ခုအတွင်း ပြုတ်ကျခဲ့သည့် အသက် (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း Central Disaster and Safety Countermeasures Headquarters က ပြောသည်။ 

အရှေ့ပိုင်း ဆိပ်ကမ်းမြို့ Pohang တွင် အသက် (၇၀) ကျော်အရွယ် သက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ဦး ရေကြီးမှုအတွင်း မျောပါသွားပြီး သေဆုံးခဲ့ကြောင်းလည်း သိရသည်။

အာဏာပိုင်များက စက်တင်ဘာလ (၆) ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းအထိ ပျောက်ဆုံးနေသူ (၉) ဦးရှိကြောင်း အတည်ပြုထားရာ ထိုနေ့ ညပိုင်းတွင် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်သည်။ 

ပျောက်ဆုံးနေသူများအနက် Pohan မြို့ရှိ ရေနစ်မြုပ်သွားသည့် မြေအောက်ကားပါကင်နေရာမှ လူ (၇) ဦးလည်း အပါအဝင်ဖြစ်သည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် တောင်ကိုရီးယားနိုင်ငံတဝန်း အိမ်ထောင်စု (၆၀,၀၀၀) ကျော်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်မှုအဖြစ် တောင်ကိုရီးယားတွင် အာဏာပိုင်များက နိုင်ငံတဝန်း ကျောင်း (၆၀၀) ကျော်ကို ပိတ်ထားခဲ့ပြီး ပြည်တွင်းလေကြောင်းခရီးစဥ် (၂၅၀) ခန့်ကို ဖျက်သိမ်းခဲ့သည်။ 

စက်တင်ဘာလ (၆) ရက် နှောင်းပိုင်းတွင်မူ တိုင်ဖွန်း Hinnamnor က ဂျပန်နိုင်ငံသို့ ဦးတည်ရွေ့လျားသွားခဲ့ရာ လေကြောင်းခရီးစဥ်များ တဖြည်းဖြည်း ပြန်စတင်ခဲ့သည်ဟု သိရသည်။

တောင်ကိုရီးယားနိုင်ငံတဝန်း ထုတ်ပြန်ထားသည့် မုန်တိုင်းသတိပေးချက်များကိုလည်း တောင်ပိုင်း‌ဒေသရှိ Ulsan မြို့၊ North Gyeongsang နှင့် အရှေ့ပိုင်း Gangwon ပြည်နယ်တို့ အပါအဝင် နေရာအချို့ကလွဲပြီး ကျန်နေရာများတွင် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ 

တောင်ပိုင်းဒေသတွင် အများစုဖြစ်သည့် လူဦးရေ (၂,၉၀၀) ကို ရွှေ့ပြောင်းထားရဆဲဟု ဆိုသည်။

Hinnamnor မှာ တောင်ကိုရီးယားကို ၂၀၀၃ ခုနှစ်က ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း Maemi ကဲ့သို့ ပြင်းထန်ကြောင်း သိရသည်။ 

စက်တင်ဘာလ (၆) နံနက်ပိုင်းအချိန်က တိုင်ဖွန်း Hinnamnor မှာ Tsushima ကျွန်း ကမ်းလွန် (၆၂) မိုင်အကွာ ဂျပန်ပင်လယ်ပြင်တွင် တည်ရှိနေကြောင်း ဂျပန်မိုးလေဝသဌာန Japan Meteorological Agency က ထုတ်ပြန်ခဲ့သည်။

 

 

Update: တိုင်ဖွန်းမုန်တိုင်းကြောင့် တောင်ကိုရီးယားနိုင်ငံတွင် သေဆုံးသူ စုစုပေါင်း ယနေ့ စက်တင်ဘာလ(၇)ရက်နေ့ ညနေ့ပိုင်းအထိ ထပ်မံ သိရှိရသည့် သတင်းများအရ (၁၀)ဦးအထိ ရှိပြီဟု သိရသည်။

 

Source: CNA, BBC

Photo: YONHAP NEWS AGENCY, YONHAP/EPA-EFE/REX/SHUTTERSTOCK,  YONGHAP/REUTERS, AFP/Anthony WALLACE,