တာချီလိတ် ရဲစခန်းသို့ ဆိုင်ကယ် ခိုးခံရမှုနှင့် လုခံရမှုများ သွားတိုင်သော်လည်း ငွေရသည့် အလုပ်မဟုတ်၍ အရေးမစိုက်

တာချီလိတ် ရဲစခန်းသို့ ဆိုင်ကယ် ခိုးခံရမှုနှင့် လုခံရမှုများ သွားတိုင်သော်လည်း ငွေရသည့် အလုပ်မဟုတ်၍ အရေးမစိုက်

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးမှုများနှင့် ပတ်သက်ပြီး မြို့မရဲစခန်းသို့ သွားရောက် တိုင်ကြားသော်လည်း ငွေရသည့် အလုပ်မဟုတ်၍ အရေးတယူ ကူညီလုပ်ဆောင်ပေးခြင်းမရှိဘဲ ထူးခြားမှုရှိပါက အကြောင်းကြားပေးရန်သာ ပြောလွတ်နေကြောင်း ဒေသခံများက ပြောနေကြသည်။

"ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဆိုင်ကယ်ခိုးခံရလို့ တာချီလိတ်မြို့မရဲစခန်းကို သွားတိုင်တာကို အရေးတယူမရှိဘူး၊ အမှုလည်း ဖွင့်မပေးသလို၊ လိုက်ရှာပေးတာမရှိဘဲ တခုခု ထူးခြားတာရှိရင် လာပြောပေးပါဆိုပြီး ပြောလွတ်လိုက်တယ်။"ဟု ဒေသခံ တစ်ဦးက ပြောသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များ ခိုးခံရမှုနှင့် လုယက်ခံရမှုဖြစ်တိုင်း ရဲစခန်းသို့သွားတိုင်ကြားသည့်အခါ ပြန်လည် ခြိမ်းခြောက်ခံရလေ့ရှိကြောင်း သိရသည်။

"ဟုတ်တယ်ဗျာ။ ဆိုင်ကယ် လုခံရလို့ ရဲစခန်း သွားတိုင်တာ မင်းတို့ဆိုင်ကယ်က လိုင်စင်ပါလား လိုင်စင်မပါရင် လိုင်စင်မရှိတဲ့အတွက် ပို့ကုန်သွင်းကုန်ဥပဒေနဲ့ မင်းတို့ပါ အမှုဖွင့်ခံရနိုင်တယ်ဆိုပြီး ပြန်ခြိမ်းခြောက်လွတ်လိုက်တယ်။ ပြောတော့ ကူညီပါရစေတဲ့။ ဒုစရိုက်သမားတွေကိုပဲ ကူညီနေတဲ့ သဘောဖြစ်နေတယ်"ဟု  ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းနေသည့် ဆိုင်ကယ်လုယက်ခံရသူ တစ်ဦးက ပြောသည်။

ခိုးဆိုးလုယက်မှုများ၏ အခြေခံမှာ လောင်းကစားဂိမ်းခုံများကနေ စတင်သည်ဟု ဒေသခံများက ပြောဆိုနေကြပြီး ခိုးခံရသည့် ဆိုင်ကယ်နှင့် လုယက်ခံရသည့် ဆိုင်ကယ်များကို လောင်းကစားဂိမ်းခုံတို့တွင် ရှာဖွေတွေ့ရှိရလေ့ရှိကြောင်း သိရသည်။

"ဆိုင်ကယ်ခိုးခံရတာတွေ လုခံရတာတွေတော့ မပြောချင်တော့ပါဘူး။ ရပ်ကွက်တွေထဲ လောင်းကစားဂိမ်းခုံတွေရှိနေမှတော့ ဒီလိုတွေ ဆက်ဖြစ်နေမှာပဲဗျ။ ပြီးခဲ့တုန်းကလည်း ငါးဂိမ်းခုံကို ဝင်ဖမ်းတယ်။ သူတို့ မသိအောင်ဖွင့်တော့ ငွေမရလို့ ဖမ်းတယ်လို့ ကြားတယ်။ လစဉ် ပေးနေတဲ့ ဂိမ်းခုံတွေကိုတော့ ဒီတိုင်း ခွင့်ပြုပေးထားတာပေါ့။ ခိုးခံရတဲ့ ကျွန်တော့်ရဲ့  ဆိုင်ကယ်ကိုလည်း ရဲတွေရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်ထားတဲ့ ဂိမ်းခုံမှာ သွားရှာတွေ့တယ်။ သူတို့ကို ရှာပေးဆိုတော့ မရှာပေးဘူး ကိုယ်တိုင် လိုက်ရှာတော့ သူတို့ ခွင့်ပြုပေးထားတဲ့ ငါးဂိမ်းခုံမှာပဲ တွေ့ရတယ်"ဟု ဝမ်ကောင်းရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက Tachileik News Agency သို့  ၂၀၂၃ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့တွင် ပြောသည်။

ရဲစခန်းသို့ လာရောက်တိုင်ကြားသည့် ပြန်ပေးဆွဲမှု အပါအဝင် ဆိုင်ကယ် ခိုးမှု လုခံရမှုများနှင့် ပတ်သက်၍ အမှုဖွင့်ပေးခြင်း မရှိကြောင်းနှင့် အမှုမဖွင့်အောင်လည်း သွယ်ဝိုက်သောနည်းဖြင့် ခြောက်လန့်ပြောဆိုပြီး ပြန်လွတ်လေ့ရှိသည်မှာ ၎င်းတို့အတွက် မှုခင်းလျော့ပါးနေလျက်ရှိကြောင်း အထက်သို့ ပြလို၍ ဖြစ်သော်လည်း လက်တွေ့တွင် ဒေသတွင်း၌ ပြန်ပေးဆွဲမှုများ၊ လုယက်မှုများနှင့် ခိုးမှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည့်အတွက် ပြည်သူများ လုံခြုံမှုမရှိဖြစ်နေကြရသည်ဟုး ဒေသခံများက ပြောသည်။