ဟောင်ကောင်တွင် နှစ်ပေါင်း (၁၃၉) နှစ်အတွင်း စံချိန်တင် မိုးသည်းထန်ပြီး ရေကြီးမှုများ ဖြစ်ပေါ်

ဟောင်ကောင်တွင် နှစ်ပေါင်း (၁၃၉) နှစ်အတွင်း စံချိန်တင် မိုးသည်းထန်ပြီး ရေကြီးမှုများ ဖြစ်ပေါ်
စက်တင်ဘာ 9, 2023 | နိုင်ငံတကာသတင်း
By Mr John

ဟောင်ကောင်တွင် နှစ်ပေါင်း (၁၃၉) နှစ်အတွင်း စံချိန်တင် မိုးသည်းထန်မှုကြောင့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့က ရုတ်တရက် ရေကြီးမှုများဖြစ်ပေါ်ကာ မြေအောက်ရထားဘူတာရုံများ ရေနစ်မြုပ်ခဲ့ပြီး ယာဥ်မောင်းများ လမ်းမများပေါ် ပိတ်မိခဲ့ကြသည်။ 

မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် ဟောင်ကောင်အာဏာပိုင်များက ကျောင်းများ ပိတ်ထားပြီး အများပြည်သူကို လုံခြုံစိတ်ချရသည့် နေရာများ ရှာဖွေကြရန် တိုက်တွန်းခဲ့သည်။

လူဦးရေ (၇.၅) သန်းရှိသည့် ဟောင်ကောင်တွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနေပြီး မြို့ခံများ ရေကြီးမှုအတွင်း သွားလာနေကြရကို ဓာတ်ပုံနှင့် ဗီဒီယိုများတွင် တွေ့ရသည်။ 

ဟောင်ကောင်၏ အနိမ့်ပိုင်း နေရာအချို့ လမ်းမများပေါ်တွင် ရေများ အရှိန်အဟုန်ဖြင့် စီးဆင်းနေသည်အထိ ရေကြီးနေခဲ့ပြီး အာဏာပိုင်များက ယာဥ်များအတွင်း ပိတ်မိနေသည့် ယာဥ်မောင်းများကို ကယ်ထုတ်ခဲ့ရသည်။

စက်တင်ဘာလ (၇) ရက် ညဥ့်နက်ပိုင်းတွင် ရေကြီးမှု စတင်ခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်မိုးလေဝသ၏ မှတ်တမ်းအရ ည (၁၁) နာရီနှင့် (၁၂) နာရီကြားတွင် မိုးရေချိန် (၆.၂) လက်မ (၁၅၈ မီလီမီတာကျော်) ရွာသွန်းခဲ့ကြောင်း သိရသည်။

ထိုမိုးရေချိန်မှာ ၁၈၈၄ ခုနှစ်တွင် မှတ်တမ်းများ စတင်ပြုစုခဲ့ချိန်နောက်ပိုင်း ဟောင်ကောင်၏ နာရီအလိုက် အမြင့်ဆုံး မိုးရေချိန်ဖြစ်ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ချက်တွင် ပြောထားသည်။

 

ဟောင်ကောင်၏ နေရာအချို့တွင် (၂၄) နာရီအတွင်း မိုးရေချိန် (၁၉.၇) လက်မ (၅၀၀ မီလီမီတာနီးပါး) ရွာသွန်းခဲ့ကြောင်း အွန်လိုင်းမိုးလေဝသဝက်ဘ်ဆိုက် OGimet ၏ အချက်အလက်များအရ သိရသည်။ ဟောင်ကောင်တွင် (၅) နှစ်အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းမျှအကြာတွင် ယခုကဲ့သို့ ရာသီဥတု ဆိုးရွားမှု ထပ်မံ ကြုံတွေ့ရခြင်းလည်း ဖြစ်သည်။

 

Source: CNN

Photo: Tyrone Siu/Reuters, Edmond So, Xiaomei Chen, Edwin Ying Fai,