အာဏာသိမ်းခံရပြီးနောက် စီးပွားရေးကျဆင်းသွားသည့် မြန်မာနိုင်ငံမှ ပြည်သူအချို့ ထိုင်းနိုင်ငံတွင် အလုပ်ရရှိရေး တရားမဝင် ဝင်ရောက်ရာ  ထိုင်းဘက်တွင် တစ်နေ့တည်း (၂၆၀)ဦး ဖမ်းဆီးခံရ

အာဏာသိမ်းခံရပြီးနောက် စီးပွားရေးကျဆင်းသွားသည့် မြန်မာနိုင်ငံမှ ပြည်သူအချို့ ထိုင်းနိုင်ငံတွင် အလုပ်ရရှိရေး တရားမဝင် ဝင်ရောက်ရာ  ထိုင်းဘက်တွင် တစ်နေ့တည်း (၂၆၀)ဦး ဖမ်းဆီးခံရ

စစ်တပ်က အာဏာသိမ်းထားသည့် (၉)လတာအတွင်း ဆင်းရဲနွမ်းပါးမှုနှုန်းနှင့် အလုပ်လက်မဲ့နှုန်း အဆမတန်တိုးလာသည့် မြန်မာနိုင်ငံမှ ထိုင်းဘက်သို့ နယ်စပ်ဖြတ်ကျော် အလုပ်ရှာဖွေသူ တိုးလာရာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့၏ တစ်နေ့တာအတွင်း ခရိုင်တစ်ခုအတွင်းရှိ နယ်စပ်တရားမဝင် လမ်းကြောင်းများမှ ဖမ်းဆီးခံရသူ အရေအတွက်မှာ (၂၆၀) ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းနှင့် နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ ဆိုင်ရော့ခရိုင် (Sai Yok) အတွင်း နယ်စပ်ခိုးဝင်လမ်းကြောင်းမှ ဝင်လာသည့် မြန်မာနိုင်ငံသား (၁၄) ဦးအဖွဲ့၊ (၃၄)ဦးအဖွဲ့၊ (၁၄၁) ဦးအဖွဲ့နှင့် (၇၆) ဦးအဖွဲ့တို့ကို အောက်တိုဘာလ (၁၅) ရက်နေ့ တစ်နေ့တာအတွင်း ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖေါ်ပြထားသည်။ 

အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင်း အလုပ်အကိုင်ရှာဖွေရန် ထားဝယ်၊ ပဲခူးနှင့် မော်လမြိုင်ဒေသများမှ လာရောက်ကြသူများဖြစ်ကြကြောင်း သိရပြီး ဖမ်းဆီးရမိသူများအား တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ အရေးပေါ်အမိန့်ချိုးဖေါက်မှုများဖြင့် အရေးယူကာ မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု သိရသည်။

မြန်မာနှင့် ထိုင်းနယ်စပ်တလျှောက်ကို COVID 19 ကာကွယ်ရေးအတွက် တရားဝင်လမ်းကြောင်းများ ပိတ်ထားခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာဘက်မှ အလုပ်အကိုင်ရှာဖွေရန် ဝင်ရောက်သူများလာ၍ နယ်စပ်လုံခြုံရေးကို ထိုင်းဘက်က ယခင်ထက်ပို၍ တင်းကြပ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားသည့် (၈)လကျော်အတွင်း ကဏ္ဍပေါင်းစုံ၌ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိတော့ဘဲ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အချက်အလက်များအရ နိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးဖြစ်သည့် သန်း (၂၀)နီးပါးသည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ရောက်သည်အထိ နွမ်းပါးသွားကြပြီး ပဋိပက္ခကြောင့် အကူအညီလိုအပ်သူမှာ ယခင် (၁) သန်းရှိရာမှ သုံးဆတိုးသွားကာ (၃) သန်းအထိရောက်လာကြောင်း သိရသည်။

 

Photo: Piyarat Chongcharoen