အိန္ဒိယနိုင်ငံတွင် မုတ်သုန်မိုးသည်းထန်ကာ ရေကြီးပြီး မြေပြိုမှုများကြောင့် (၃) ရက်အတွင်း လူ (၅၀) သေဆုံး

Photo: ANI
Photo: ANI
အိန္ဒိယနိုင်ငံတွင် မုတ်သုန်မိုးသည်းထန်ကာ ရေကြီးပြီး မြေပြိုမှုများကြောင့် (၃) ရက်အတွင်း လူ (၅၀) သေဆုံး
သြဂုတ် 22, 2022 | နိုင်ငံတကာသတင်း
By Mr John

အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် ပြီးခဲ့သည့် (၃) ရက်အတွင်းက မုတ်သုန်မိုးသည်းထန်ပြီး ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ (၅၀) ဦး သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဩဂုတ်လ (၂၁) ရက်နေ့တွင် ပြောသည်။ 

မိုးရွာသွန်းမှုကြောင့် ရာနှင့်ချီသည့် ကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီး နေအိမ်များ ရေထဲမျောပါခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးအဖွဲ့များက အသက်ရှင်ကျန်သူများကို ရွှေ့ပြောင်းပေးရန် အမြန်လုပ်ဆောင်နေခဲ့ရပြီး ဒေသခံများ သောင်တင်နေခဲ့ကြောင်း သိရသည်။

ဟိမဝန္တာတောင်တန်းဒေသရှိ Himachal Pradesh ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းရာမှ မြေပြိုမှုများကြောင့် ပြီးခဲ့သည့် (၃) ရက်အတွင်း အနည်းဆုံး လူ (၃၆) ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနကို ပြောခဲ့သည်။ 

ထိုပြည်နယ်နှင့် အိမ်နီးချင်းဖြစ်သည့် တောင်တန်းထူထပ်သော Uttarakhand ပြည်နယ်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူ (၄) ဦး သေဆုံးပြီး (၁၃) ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

"မိုးရွာသွန်းမှုကြောင့် အစွန်အဖျား နေရာတွေမှာ ပိတ်မိသောင်တင်နေသူတွေကို ကယ်ဆယ်ဖို့ ရဟတ်ယာဥ်တွေ စေလွှတ်ထားပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းကို အစွမ်းကုန်လုပ်နေပါတယ်" ဟု Uttarakhand ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူ Ranjit Kumar Sinha က ပြောသည်။ 

အိန္ဒိယအရှေ့ပိုင်း Odisha ပြည်နယ်တွင်လည်း လက်ရှိ မိုးသည်းထန်နေမှုအတွင်း အနည်းဆုံး လူ (၆) ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရတာဝန်ရှိသူတစ်ဦးက ဆိုသည်။

Odihsa တွင် လူဦးရေ ၈၀၀,၀၀၀ နီးပါး ရေဘေးကြုံနေရပြီး လူထောင်ပေါင်းများစွာ နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရသည်။

 မိုးရွာသွန်းမှုကြောင့် Odisha ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားနှင့် ရေပေးဝေမှု ပြတ်တောက်ပြီး လမ်းများပျက်စီးခဲ့ကြောင်းလည်း သိရသည်။

ထိုပြည်နယ်အတွင်း ရေဘေးသင့် နေရာများမှ လူဦးရေ ၁၂၀,၀၀၀ ကို ရွှေ့ပြောင်းပေးခဲ့ရသည်။

အိန္ဒိယအရှေ့ပိုင်း Jharkhand ပြည်နယ် Ramgarh ခရိုင်တွင်လည်း ဩဂုတ်လ (၂၀) ရက်နေ့က Nalkari မြစ်ရေကြီးမှုအတွင်း လူ (၅) ဦး  မျောပါသွားခဲ့ကြောင်း နှင့် Ramgarh ခရိုင် တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုအရ ရေထဲမျောပါခဲ့များအနက် (၄) ဦး၏ အလောင်းများကို ပြန်ရှာတွေ့ခဲ့ကြောင်းလည်း သိရသည်။

Source: Reuters

Photo: ANI