အိန္ဒိယနိုင်ငံပိုင် လက်နက်ကုမ္ပဏီက မြန်မာအာဏာသိမ်းစစ်အုပ်စုကို စစ်လက်နက်ပစ္စည်းများ ရောင်းချခဲ့

အိန္ဒိယနိုင်ငံပိုင် လက်နက်ကုမ္ပဏီက မြန်မာအာဏာသိမ်းစစ်အုပ်စုကို စစ်လက်နက်ပစ္စည်းများ ရောင်းချခဲ့
By Mr John

 အိန္ဒိယနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံသို့ အမြောက်ပြောင်းများ တင်ပို့ခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများအုပ်စုတစ်ခုက ၂၀၂၃ခုနှစ် မတ်လ (၁) ရက်နေ့တွင် ထုတ်ဖော်ခဲ့ပြီး အာဏာသိမ်း စစ်အုပ်စုက ၎င်းတို့ကို ဆန့်ကျင်သူများအား ထိုလက်နက်များသုံးပြီး ဖြိုခွင်းနိုင်ကြောင်း သတိပေးလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရထံမှ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ အာဏာသိမ်းခဲ့ပြီးနောက် ပြည်သူလူထုအတွက် ဒီမိုကရေစီအတွေ့အကြုံ အဆုံးသတ်သွားခဲ့ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများ နိုင်ငံအနှံ့ အကြီးအကျယ် ပေါ်ပေါက်ခဲ့သည်။ 

အာဏာသိမ်း စစ်အုပ်စုက ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းပြီး ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့သည်။

စစ်တပ်၏ သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း လူ (၃,၀၇၃) ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ (၁၉,၉၅၄) ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်‌ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည့် မတ်လ (၁) ရက်နေ့ စာရင်းများအရ သိရှိရသည်။ 

ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် အာဏာသိမ်း စစ်အုပ်စုကို နိုင်ငံတဝန်းတွင် လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာခဲ့သည်။

စစ်အုပ်စုက ၎င်းတို့ကို ဆန့်ကျင်တော်လှန်သူများအား လက်နက်ကြီးများအပြင် လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့ရာ နိုင်ငံတကာက မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းရန် တိုက်တွန်းထားသည်။ 

တက်ကြွလှုပ်ရှားသူများအုပ်စု Justice for Myanmnar က ရရှိထားသည့် ပို့ဆောင်ရေးအချက်အလက်များအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Yantra India Limited က မြန်မာနိုင်ငံသို့ (၁၂၂) မီလီမီတာ အမြောက်ပြောင်း (၂၀) ခု ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံပိုင်ကုမ္ပဏီက အမေရိကန်ဒေါ်လာ (၃၃၀,၀၀၀) တန်ဖိုးရှိ အဆိုပါ စစ်လက်နက်ပစ္စည်းများကို ရန်ကုန်မြို့အခြေစိုက် Innovative Industrial Technologies Company Ltd. သို့ ပေးပို့လွှဲအပ်ခဲ့သည်ဟု AFP သတင်းဌာနက ရရှိခဲ့သည့် အချက်အလက်များတွင် ဖော်ပြသည်။ 

၂၀၂၂ ခုနှစ်တွင် စစ်အုပ်စုက data centre တစ်ခု၌ လုံခြုံရေးစနစ်တပ်ဆင်ရန် တင်ဒါခေါ်ယူခဲ့ရာ ထိုကုမ္ပဏီကပင် ရရှိခဲ့ကြောင်း AFP က ကြည်ရှုခွင့်ရခဲ့သည့် စာရွက်စာတမ်းများအရ သိရှိရသည်။

အိန္ဒိယနိုင်ငံပိုင် Yantra India Limited က ပေးပို့လိုက်သည့် အမြောက်ပြောင်းများကို မြန်မာစစ်တပ်အတွက် အမြောက်ထုတ်လုပ်ရေးတွင် အသုံးပြုနိုင်ကြောင်း Justice for Myanmnar က ပြောသည်။



Source: Bangkok Post