မော်စကိုမြို့တော်သို့ ချီတက်လာသည့် ဝါဂနာ ကြေးစားတပ်ဖွဲ့က သွေးမြေကျမှုကို ရှောင်လွှဲရန် နောက်ကြောင်းပြန်လှည့်မည်ဟု ခေါင်းဆောင်ဖြစ်သူ ပြောကြား

မော်စကိုမြို့တော်သို့ ချီတက်လာသည့် ဝါဂနာ ကြေးစားတပ်ဖွဲ့က သွေးမြေကျမှုကို ရှောင်လွှဲရန် နောက်ကြောင်းပြန်လှည့်မည်ဟု ခေါင်းဆောင်ဖြစ်သူ ပြောကြား
By Mr John

 ရုရှားတွင် အာဏာဖီဆန် ပုန်ကန်နေခဲ့သည့် ဝါဂနာ ကြေးစားတပ်ဖွဲ့က မော်စကိုမြို့‌တော်သို့ ချီတက်လာ‌နေရာမှ သွေး‌‌မြေကျမှုကို ရှောင်လွှဲရန် နောက်ပြန်လှည့်တော့မည်ဟု သဘောတူညီလိုက်ကြောင်း ၎င်းတို့၏ ခေါင်းဆောင်က ဇွန်လ (၂၄) ရက်နေ့တွင် ပြောသည်။ 

ယခု သဘောတူညီမှုက သမ္မတ ဗလာဒီမာ ပူတင်၏ အာဏာချုပ်ကိုင်ထားမှုကို စိန်ခေါ်မှုကြီးအဖြစ် တင်းမာမှုမြင့်တက်နေသည့် အခြေအနေကနေ အရှိန်လျော့ကျသွားခြင်းလည်း ဖြစ်သည်။

ဝါဂနာ တိုက်ခိုက်ရေးသမားများက မော်စကိုမြို့တော်မှ (၁၂၅) မိုင်အကွာတွင် ရောက်ရှိနေခဲ့ကြကြောင်း ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်နှင့် ပူတင်၏ မဟာမိတ်ဟောင်း ပရီဂိုရှင်က ပြောသည်။ 

ဝါဂနာ ကြေးစားတပ်က နိုင်ငံတောင်ပိုင်းရှိ Rostov မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ရုရှားစစ်တပ်ခေါင်းဆောင်များကို ဖြုတ်ချပစ်ရန်ဟုဆိုကာ မော်စကိုသို့ ချီတက်လာခဲ့ခြင်း ဖြစ်သည်။

"သူတို့က ဝါဂနာတပ်ဖွဲ့ကို ဖျက်သိမ်းပစ်ချင်နေကြတယ်။ တရားမျှတမှုအတွက် ကျုပ်တို့ ဇွန်လ (၂၃) ရက်မှာ စတင်ချီတက်လာခဲ့ကြတယ်။ (၂၄) နာရီအတွင်း ကျုပ်တို့ မော်စကိုရဲ့ ကီလိုမီတာ (၂၀၀) အတွင်း ရောက်လာခဲ့တယ်။ ဒီအချိန်မှာ ကျုပ်တို့ တိုက်ခိုက်ရေးသမားတွေရဲ့ သွေးတစ်စက်မှ မကျခဲ့ဘူး" ဟု ပရီဂိုရှင်က အသံမက်ဆေ့ခ်ျတစ်ခုတွင် ပြောထားသည်။ 

"အခုတော့ သွေးမြေကျနိုင်တဲ့ အခိုက်အတန့် ဖြစ်လာပြီ။ ရုရှားသွေးတွေ မြေကျမယ်လို့ နားလည်ပြီး ကျုပ်တို့ရဲ့ စစ်ကြောင်းတွေကို နောက်ပြန်လှည့်ပြီး စီစဉ်ထားတဲ့အတိုင်း စခန်းတွေဆီ ပြန်ကြမယ်" ဟု ၎င်းက ဆက်လက် ပြောသည်။

ဝါဂနာ ကြေးစားတပ်ဖွဲ့က ရုရှားနိုင်ငံတဝန်း နောက်ထပ် လှုပ်ရှားမှုများ ရပ်တန့်ရန် ပူတင်၏ အနီးကပ် မဟာမိတ်ဖြစ်သူ ဘီလာရုစ်သမ္မတ လူကာရှင်ကိုက ကြားဝင်ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ဝါဂနာတပ်ဖွဲ့က မော်စကိုသို့ ချီတက်မလာတေ့ဘဲ နောက်ပြန်လှည့်ရန် သဘောတူညီခဲ့ပြီး အပြန်အလှန်အားဖြင့် ၎င်းတို့၏ လုံခြုံရေးကို အာမခံချက်ပေးရကြောင်း လူကာရှင်ကို၏ရုံးခန်းက ဆိုသည်။ 

ယခု သဘောတူညီမှုနှင့် ပတ်သက်၍ ရုရှားသမ္မတ ပူတင်ထံမှ မှတ်ချက်ပြု ပြောကြားခြင်းမရှိသေးကြောင်း Reuters သတင်းက ဖော်ပြသည်။

 

Source: Reuters