တောင်ကိုရီးယားတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျင်းပနေစဥ် တိတ်တိတ်ဆိတ်ဆိတ်ဖြစ်စေရန် လေယာဥ်ပျံသန်းမှုများ ပိတ်ပင်ထားခဲ့

တောင်ကိုရီးယားတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျင်းပနေစဥ် တိတ်တိတ်ဆိတ်ဆိတ်ဖြစ်စေရန် လေယာဥ်ပျံသန်းမှုများ ပိတ်ပင်ထားခဲ့
နိုဝင်ဘာ 18, 2022 | နိုင်ငံတကာသတင်း
By Mr John

 တောင်ကိုရီးယားနိုင်ငံတွင် နိုဝင်ဘာလ (၁၇) ရက်နေ့က ကျောင်းသူကျောင်းသား သန်းတစ်ဝက်ကျော် ဝင်ရောက်ဖြေဆိုကြသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ကျင်းပနေစဥ် တိတ်တိတ်ဆိတ်ဆိတ်ဖြစ်စေရန်အတွက် လေယာဥ်ပျံသန်းမှုများကို ပိတ်ပင်ထားခဲ့ပြီး နောက်ကျနေသော ကျောင်းသူကျောင်းသားများကို ရဲအစောင့်အရှောက်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ကျောင်းသူကျောင်းသား (၅၀၈,၀၃၀) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း တောင်ကိုရီးယား ပညာရေးဝန်ကြီးဌာနက ပြောသည်။ 

တောင်ကိုရီးယားတွင် နှစ်စဥ်ကျင်းပသည့် (၉) နာရီကြာမြင့်သော ထိုစာမေးပွဲရလဒ်များက ထိပ်တန်းတက္ကသိုလ်များတွင် တက်ရောက်ခွင့်ရရန် အလွန်အရေးပါကြောင်း သိရသည်။

စိတ်လှုပ်ရှားနေသည့် ကျောင်းသူကျောင်းသားများ၏ မိဘများမှာ သားသမီးများကို လိုက်ပါပို့ဆောင်ပြီးနောက် ဘုရားကျောင်းများသို့ သွားရောက်ပြီး စာမေးပွဲအောင်မြင်စေရန် ဆုတောင်းကြသော မြင်ကွင်းများက ထိုစာမေးပွဲ၏ အရေးပါမှုကို ထင်ရှားစေသည်။ 

တောင်ကိုရီးယားတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ခြင်းက ဝင်ငွေကောင်းသော အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်နှင့် အိမ်ထောင်ရေးအတွက်ပင် အရေးကြီးသည်ဟု ရှုမြင်ထားကြသည်။

တောင်ကိုရီးယား၏ အလွန်အပြိုင်အဆိုင်ရှိသည့် ပညာရေးစနစ်က ကျောင်းသူကျောင်းသားများအတွက် ကြီးမားသော ဖိအားဖြစ်စေပြီး ဆယ်ကျော်သက်များ စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများဖြစ်စေကြောင်း အပြစ်တင်ကြသည်။ 

တောင်ကိုရီးယားမှာ ကမ္ဘာတဝန်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း အမြင့်ဆုံး နိုင်ငံများတွင် ပါဝင်နေသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို တောင်ကိုရီးယားတို့က Suneung ဟု ခေါ်ဝေါ်ကြပြီး ယခုနှစ်တွင် COVID-19 စည်းမျဥ်းကန့်သတ်ချက်များဖြင့် ကျင်းပရသည့် တတိယမြောက်နှစ်လည်း ဖြစ်သည်။ 

စာမေးပွဲခန်းသို့ နံနက် (၈) နာရီ (၁၀) မိနစ်တွင် အရောက်သွားရခြင်းဖြစ်ရာ နောက်ကျနေသည့် ကျောင်းသူကျောင်းသားများကို ရဲတပ်ဖွဲ့က ဆိုင်ကယ်များ သို့မဟုတ် ကားများဖြင့် လိုက်ပါပို့ဆောင်ပေးကြပြီး ယခင်နှစ်များတွင်လည်း အလားတူ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရက်တွင် ယာဥ်ကြောပိတ်ဆို့မှု လျော့နည်းစေပြီး ကျောင်းသူကျောင်းသားများ စာမေးပွဲခန်းသို့ အချိန်မီရောက်စေရန် ရည်ရွယ်ကာ အစိုရုံးများ၊ ဘဏ်များနှင့် စတော့ဈေးကွက်တို့ကို ပုံမှန်ထက် တစ်နာရီ နောက်ကျပြီး ဖွင့်ကြသည်။ 

ထို့အတူ တောင်ကိုရီးယားနိုင်ငံရှိ လေဆိပ်များကိုလည်း အင်္ဂလိပ်ဘာသာစကား နားထောင်မှု စစ်ဆေးနေစဥ် မွန်းလွဲ (၁) နာရီ (၅) မိနစ်မှစပြီး အရေးပေါ် လေယာဥ်ဆင်းသက်မှုကလွဲ၍  (၃၅) မိနစ်ကြာ လေဆိပ်ဝန်ဆောင်မှု ရပ်ဆိုင်းထားစေသည်။

လေယာဥ်အားလုံး အမြင့်ပေ (၉,၈၀၀) ကျော်ကနေ ပျံသန်းရမည်ဟုလည်း ညွှန်ကြားထားသည်။ 

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် နိုင်ငံတကာလေကြောင်းခရီးစဥ် (၁၈) ခု အပါအဝင် ခရီးစဥ် (၇၇) ခုကို အချိန်အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။

ပုံအညွှန်း - ကျောင်းသားမိဘများမှ ဆုတောင်းခြင်း၊ ရဲများက ကြိုပေးခြင်း နှင့် စာဖြေဆိုနေကြသည့် ပုံများဖြစ်သည်။

 

Source: AFP

Photo: Yonhap/EPA-EFE, Pool/AFP/Chung Sung-Jun,  Reuters