တစ်လလျှင် ကြက်ဥ အလုံးရေ သန်း(၉၀၀)ကျော် စားသုံးသည့် မလေးရှားနိုင်ငံက ပြည်ပကနေ ကြက်ဥများ တင်သွင်းမည်

တစ်လလျှင် ကြက်ဥ အလုံးရေ သန်း(၉၀၀)ကျော် စားသုံးသည့် မလေးရှားနိုင်ငံက ပြည်ပကနေ ကြက်ဥများ တင်သွင်းမည်
ဒီဇင်ဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 ပြည်တွင်းဈေးကွက်တွင် ကြက်ဥပြတ်လပ်မှု လျော့ပါးစေရန် မလေးရှားနိုင်ငံက ပြည်ပမှ ကြက်ဥများ တင်သွင်းမည်

မလေးရှားနိုင်ငံက ပြည်တွင်းတွင် ကြက်ဥပြတ်လပ်မှု လျော့ပါးစေရန် ရေတိုစီမံဆောင်ရွက်မှုအဖြစ် ပြည်ပမှ ကြက်ဥများ တင်သွင်းသွားမည်ဟု စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဝန်ကြီး မိုဟမ်မက်ဆာဘူက ဒီဇင်ဘာလ (၆) ရက်နေ့တွင် ပြောသည်။

 ကြက်ဥမှာ မလေးရှားများအတွက် လူကြိုက်များသည့် အသားဓာတ်ရင်းမြစ်တစ်ခုဖြစ်ရာ ဈေးကွက်အတွင်း ကြက်ဥပေးသွင်းမှု ပုံမှန်ဖြစ်ရန်လိုအပ်ကြောင်း ဝန်ကြီးဌာနအနေဖြင့် သိရှိထားကြောင်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံတွင် ပျမ်းမျှအားဖြင့် တစ်လလျှင် ကြက်ဥ (၉၆၈) သန်း စားသုံးကြကြောင်းလည်း သိရသည်။ 

"ရေတိုနဲ့ ချက်ချင်းလုပ်ရမယ်ဆိုတဲ့အပေါ် အခြေခံပြီး ဝန်ကြီးဌာနက ဈေးကွက်ထဲမှာ ကြက်ဥလိုအပ်ချက် ပြည့်မီစေဖို့ ပြည်ပနိုင်ငံတွေကနေ တင်သွင်းသွားဖို့ စီစဥ်ထားပါတယ်" ဟု ဝန်ကြီးက ပြောသည်။ 

နိုင်ငံအတွင်း တင်သွင်းလာမည့် ကြက်ဥများ ရောဂါပိုးမွှားကင်းစင်စေရန်နှင့် စံချိန်စံညွှန်းမီစေရန် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းကဆိုသည်။

ပြည်ပမှ ကြက်ဥတင်သွင်းခြင်းက ပြည်တွင်းလုပ်ငန်းရှင်များအပေါ် ဖိအားမဖြစ်စေကြောင်းနှင့် နိုင်ငံတွင် ကြက်ဥမပြတ်လပ်စေဘဲ ပြည်သူလူထု သက်သာချောင်ချိရေးအတွက်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။ 

"ပြည်ပကနေ ကြက်ဥတွေ တင်သွင်းဖို့ လိုအပ်ချက်ကို ဈေးကွက်အတွင်း ကြက်ဥပေးသွင်းမှု တည်ငြိမ်လာချိန်ကျရင် ပြန်သုံးသပ်သွားပါမယ်" ဟုလည်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဝန်ကြီး မိုဟမ်မက်ဆာဘူက ပြောသည်။

မလေးရှားကျွန်းဆွယ်တွင် အလေးချိန် (၆၅) ဂရမ်မှ (၆၉.၉) ဂရမ်ရှိ Grade A အဆင့် ကြက်ဥတစ်လုံးကို ရင်းဂစ် (၀.၄၅)၊ အလေးချိန် (၆၀) ဂရမ်မှ (၆၄.၉) ဂရမ်ရှိ Grade B အဆင့် ကြက်ဥတစ်လုံးကို ရင်းဂစ် (၀.၄၃)နှင့် အလေးချိန် (၅၅) ဂရမ်မှ (၅၉.၉) ဂရမ်ရှိ Grade C အဆင့် ကြက်ဥတစ်လုံးကို ရင်းဂစ် (၀.၄၁) ဈေးနှုန်းဖြင့် ရောင်းချနေသည်။ 

Sabah နှင့် Sarawak တို့တွင်မူ ခရိုင်အလိုက် ကြက်ဥဈေးနှုန်းများ ကွာခြားမည်ဟု ဆိုသည်။ 

မလေးရှားမီဒီယာ၏ ဖော်ပြမှုအရ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ဈေးကွက်တွင် စံချိန်မီ ကြက်ဥများ ပြတ်လပ်ခဲ့ကြောင်းလည်း သိရသည်။

Source: CNA