မိုးဗြဲ၊ ဖယ်ခုံဒေသများတွင် စစ်ကောင်စီသတင်းပေးလုပ်ပါက စစ်ရေးအရ အရေးယူမည်

မိုးဗြဲ၊ ဖယ်ခုံဒေသများတွင် စစ်ကောင်စီသတင်းပေးလုပ်ပါက စစ်ရေးအရ အရေးယူမည်
သြဂုတ် 7, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဒေသများတွင် စစ်ကောင်စီထုတ်ကုန်များ ရောင်းဝယ်ခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်အား သတင်းပေးခြင်း၊ ထောက်လှမ်းပေးခြင်းများ ပြုလုပ်သူများအား စစ်ရေးအရ ထိရောက်စွာအရေးယူမည်ဟု တော်လှန်ရေးတပ်ဖွဲ့(၆)ခုက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၇)ရက်နေ့တွင် ထုတ်ပြန်သတိပေးထားသည်။

တော်လှန်ရေး ပူးပေါင်းတပ်များအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးနှင့် ခိုင်ခိုင်မာမာလက်တွဲပြီး စစ်ကောင်စီအတွက် အင်အားဖြစ်စေသည့် လုပ်ရပ်များ၊ အထောက်အပံ့များအား ဖြိုဖျက်နိုင်မှသာလျှင် တော်လှန်ရေးအောင်မြင်မှုခရီး အမြန်ပြီးမြောက်နိုင်မည်ဟု ခံယူခြင်းကြောင့် အဆိုပါလုပ်ငန်းများကို အရှိန်မြှင့်ထပ်တိုးဆောင်ရွက်သွားမည်ဟုဆိုသည်။

သတိပေးထုတ်ပြန်ချက်တွင် စစ်ကောင်စီအတွက် အကျိုးဖြစ်ထွန်းစေသည့် ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး ရောင်းဝယ်ဖောက်ကားခြင်း၊ ကုန်သွယ်ခြင်းများအား လုံးဝဆောင်ရွက်ခွင့်မပြုသည့်အပြင် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လူမှုဘဝကို ဖျက်ဆီးနေသည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်ပြီး သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ထုတ်လုပ်လုပ်ခြင်းများကို ဥပဒေအရ ဖမ်းဆီးတိုက်ဖျက်အရေးယူသွားမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းပြီး သတင်းရယူပေးခြင်း၊ ထောက်လှမ်းပေးခြင်း ပြုလုပ်ပေးသည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို စစ်ရေးဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီနှင့် စစ်ရေးအရ အကျိုးတူပူးပေါင်းဆောင်ရွက်မှု၊ ထောက်ပံ့ကူညီပေးမှုစသည့် လုပ်ရပ်များဆောင်ရွက်သည့် မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ထိရောက်စွာအရေးယူဆောင် ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန်အတွက် ပြည်သူတစ်ရပ်လုံးက နိုးနိုးကြားကြား ပူးပေါင်းပါဝင်ပေးကြရန်လည်း တိုက်တွန်းထားသည်။ 

၎င်းသတိပေးချက်ကို KNDF ဖယ်ခုံဇုန်၊ PKS-PDF (၁၀၀၄)တပ်ရင်း၊ မိုးဗြဲ PDF၊ တပ်ရင်း(၁၀၀၇) (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-၂)၊ ဖယ်ခုံ PDF တပ်ရင်း(၂)နှင့် ဖယ်ခုံ PDFတို့က ပူးပေါင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

#TachileikNewsAgency