လွိုင်ကော်တက္ကသိုလ်မှ Non CDM နှင့် မိသားစုဝင် ၇၀ ဦးကို စစ်ကောင်စီနှင့်မပတ်သက်ရန် ခံဝန်ကတိထိုးခိုင်းပြီး ပြန်လွှတ်

လွိုင်ကော်တက္ကသိုလ်မှ Non CDM နှင့် မိသားစုဝင် ၇၀ ဦးကို စစ်ကောင်စီနှင့်မပတ်သက်ရန် ခံဝန်ကတိထိုးခိုင်းပြီး ပြန်လွှတ်
နိုဝင်ဘာ 24, 2023 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် လွိုင်ကော်တက္ကသိုလ်တိုက်ပွဲမှ ဘေးကင်းရာသို့ ပြောင်းရွှေ့ကယ်ထုတ်လာခဲ့သည့် Non CDM ဝန်ထမ်း (၇၀)ဦးနှင့် မိသားစုဝင်(၃၇)ဦးတို့ကို စစ်ကောင်စီနှင့် ပတ်သက်မည်မဟုတ်ကြောင်း ခံဝန်ကတိလက်မှတ်ထိုးစေပြီး နေရပ်သို့ပြန်နိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများထံ လွှဲပြောင်းအပ်နှံလိုက်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီထံမှ သိရသည်။

 

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းလိုက်သည့် Non-CDMဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်တိုက်ပွဲအတွင်းမှ ကယ်ထုတ်ခဲ့ရသည့် Non-CDM နှင့် မိသားစုဝင် (၂၀၄)ဦးအနက် စစ်ကောင်စီနှင့် တစုံတစ်ရာ ပတ်သက်ဆက်နွယ်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးပြီးသည့် (၇၀)ဦးနှင့် မိသားစုဝင် (၃၇)ဦးတို့ကို Non CDMဖြစ်ခဲ့ခြင်းအတွက် ဝန်ချတောင်းပန်ခြင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားမှန်သမျှတွင် ပါဝင်ဆောင်ရွက်ခြင်းပြုမည်မဟုတ်ကြောင်း ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ပြီး နေရပ်ပြန်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ကျန်ရှိသောဝန်ထမ်းများနှင့် ၎င်းမိသားစုဝင်များအား လိုအပ်သော စုံစမ်းစစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ပြီးပါက နေရပ်ပြန်နိုင်ရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီလော်လီများသည် Non CDMများအား တော်လှန်ရေးတပ်များက စတင်ကယ်ထုတ်ယူပေးခဲ့စဉ် ပါမောက္ခချုပ်အား သတ်ပစ်လိုက်ပြီဟု စွပ်စွဲဝါဒဖြန့်ခဲ့ကြပြီး ပါမောက္ခချုပ် မသေသေးကြောင်း သိရစဉ်တွင်လည်း ဒလန်ဖြစ်ကြောင်း ထပ်မံစွဲနေကြသည်။

စစ်ကောင်စီသည် ၎င်းတို့က ဖမ်းဆီးခဲ့သည့် CDM ဆရာ၊ ဆရာမများကို ယခုကဲ့သို့ ပြန်လွတ်ပေးခြင်းမရှိသည့်အပြင် သတ်ပစ်ခြင်း၊ နှစ်ရှည်ထောင်ချခြင်းများပင်လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီလော်ဘီများက သတ်ဖြတ်ခံလိုက်ရပြီဟု သတင်းတုထုတ်လွှင့်နေသည့် ကရင်နီပြည်နယ် လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ် အပါအဝင် Non-CDM ဆရာ၊ ဆရာမများနှင့် မိသားစုဝင်များ လုံခြုံဘေးကင်းစွာရှိနေကြောင်းကို KNDFဗဟိုက ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာခဲ့သည်။

၁၁၁၁ စစ်ဆင်ရေး၏ လွိုင်ကော်မြို့သို့ ဝင်ရောက်သော KNDFစစ်ကြောင်းအား စစ်ကောင်စီတပ်မှ လွိုင်ကော်တက္ကသိုလ်မှ စီးကြိုတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ဝန်ထမ်းများနှင့် မိသားစုဝင်များ ကျောင်းဝန်းအတွင်း ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်လာခြင်းတို့ကြောင့် လွိုင်ကော်တက္ကသိုလ်မှ ဝန်ထမ်းနှင့် မိသားစုများ၊ စက်မှုကျောင်းမှ ဝန်ထမ်းများအပါအဝင် မိသားစုဝင် (၂၀၄)ဦးတို့အား လက်နက်ကြီးကျရောက်မှု အနည်းငယ်လျော့နည်းလာစဥ်အချိန်၌ ဘေးကင်းရာသို့ အရေးပေါ် ကူညီရွှေ့ပြောင်းခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)မှ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုများနှင့် အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စများကို IECမှ ဆက်လက်လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၃)ရက်နေ့က လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ကရင်နီအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခမရ (၄၂၅)တပ်ရင်းမှူးနှင့် ဒုရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အားတစ်ဝက်နီးပါးကို သေဆုံးခဲ့သည်။

ထို့နောက် နိုဝင်ဘာလ (၁၄)ရက်နေ့တွင်  ခမရ (၆)မှ ကျန်ရှိတပ်ဖွဲ့ဝင်များအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ကောင်းမြတ်ကိုဦးစီးသော စစ်ကောင်စီတပ်သား (၃၂)ဦး လက်နက်ချအညံ့ခံခဲ့ကြပြီး ယင်းတိုက်ပွဲအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ (၁၂၈)လက်နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Karenni State Interim Executive Council-IEC