တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနေ

တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနေ
စက်တင်ဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ချင်းတော်လှန်ရေးအဖွဲ့များအပါအဝင် ကိုယ်စားလှယ် (၁၀၈)ဦးတို့သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့မှ (၉)ရက်နေ့အထိ နယ်စပ်တစ်နေရာတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်ရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် ချင်းအမျိုးသားတပ်ဦး(CNF)၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်နှင့် ဒေသ အခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၀၈)ဦးတို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့ စက်တင်ဘာလ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ဆွေးနွေးမှုတွင် တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ချင်းပြည်ကောင်စီ ဖွဲ့စည်းရေးနှင့် ချင်းပြည်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်(၃)ရပ် ဖွဲ့စည်းထူထောင်ရေးတို့အတွက် ညီလာခံတစ်ရပ် ခေါ်ယူကျင်းပပြီး ဖော်ဆောင်ရန် သဘောတူခဲ့ကာ  Working Committee for Chinland Council Conference(WCCCC)ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

WCCCCသည် တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းရေးဆွဲခြင်းကို ဆောင်ရွက်နေပြီး ချင်းပြည်ကောင်စီညီလာခံ ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

#TachileikNewsAgency