ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်  ခိုးဆိုးလုယက် (၁၇)ဦး လွတ်မြောက် 

ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်  ခိုးဆိုးလုယက် (၁၇)ဦး လွတ်မြောက် 
ဇန်နဝါရီ 4, 2023 | 2021 Military Coup| ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံမြို့ ရှိ ကျိုင်းတုံ အကျဉ်းထောင်မှ  မြန်မာနိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ (၄၈)ဦး  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်ပေးလာရာတွင် ခိုး၊ဆိုး၊လုယက်ဖြင့် ထောင်ဒဏ်ကျခံရသူ (၁၇)ဦး လွတ်ငြိမ်းထဲတွင် ပါဝင်လာသည်။ 



တာချီလိတ်မြို့ အပါအဝင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း နှင့် မိုင်းခတ်မြို့တို့တွင် ဆိုင်ကယ်ခိုးမှုဖြင့် ထောင်ဒဏ်ကျခံရသူ (၁၄)ဦး နှင့် အခြားပစ္စည်းများ ခိုးသူ(၂)ဦး နှင့် တာချီလိတ်မြို့ တွင်း ထမင်းဆိုင် တစ်ဆိုင်အတွင်းမှ ရွှေထည်ပစ္စည်းခိုးမှု ကျူးလွန်သူ အပါအဝင် စုစုပေါင်း (၁၇)ဦးမှာ အာဏာသိမ်းစစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်ပေးသည့်စာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင့်နောင်ပုဂ္ဂလိကဈေးရှိ ဂိမ်းခုံတွင် ၂၀၂၂ခုနှစ် ဇွန်လအတွင်းက ဆိုင်ကယ်ခိုးသည့် အဖွဲ့အပါအဝင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း ငွေလဲဆိုင်တစ်ဆိုင်တွင် အမျိုးသမီးတစ်ဦးအား ဓါးဖြင့်ထောက်ပြီး ဆိုင်ကယ်သော့လုသည့် ဖြစ်စဉ်ကြောင့် ထောင်ဒဏ် (၁)နှစ်ကျခံရသူတို့လည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ပါဝင်လာသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်ပေးသည့် ကျန်(၃၁)ဦးမှာ  လက်နက်မှု၊ မီးရှို့မှု နှင့် တောင်ကြီး - ကျိုင်းတုံလမ်းပေါ်   လိုင်စင်မဲ့ကားတင်သွင်းမှု အပါအဝင် တာချီလိတ်မြို့ အပိုင်း(ဈ)မြေယာလိမ်လည်မှုဖြင့် ထောင်ကျခံရသူ အပြင် ကျိုင်းတုံမြို့တွင် လူကုန်ကူးမှုဖြင့် ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့က ထောင်ဒဏ် (၁၀)နှစ်ကျခံရသည့် အမျိုးသမီးတို့လည်း ပါဝင်လာသည်။

 

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ် နှင့် ကျိုင်းတုံမြို့တို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်မလွတ်ပေးရသေးသည့် နိုင်ငံရေးအကျဉ်းသားများစွာ ကျန်ရှိနေသေးသော်လည်း ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် (၂)နှစ် ချမှတ်ခံထားရသည့် ကျောင်းဆရာမ မနန်းရှဲလာ(ခ)မမီဆော တစ်ဦးတည်းသာ  ယနေ့တွင် ပြန်လည်လွတ်မြောက်လာသည်။

အာဏာသိမ်းစစ်ကောင်စီက (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှ လူဦးရေ (၇,၀၁၂)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာ ကျိုင်းတုံအကျဉ်းထောင်မှ မြန်မာနိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ (၄၈)ဦးပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။