လဲချားမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် SSPP တို့ ယနေ့နံနက် တိုက်ပွဲပြင်းထန်နေ

လဲချားမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် SSPP တို့ ယနေ့နံနက် တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)တပ်စခန်းကို စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် ပစ်ခတ်ပြီးနောက်ပိုင်း ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၆)ရက်နေ့ နံနက်ပိုင်းတွင် လဲချားမြို့နယ်အတွင်းရှိ နေရာနှစ်ခု၌ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။ 

 

ယနေ့ နံနက်(၆)နာရီကျော်တွင် ဟိုင်းဆိုင်အုပ်စု  ခိုင်းဖက်နမ်၊ နမ့်ပေါက်ကျေးရွာအနီးရှိ SSPP/SSA၏ တပ်စခန်းကို အာဏာသိမ်းစစ်ကောင်စီဘက်က အင်အား(၇၀)ဝန်းကျင်ဖြင့် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာက နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည်ဟု သိရသည်။ 

 

နံနက် (၇)နာရီခွဲ၀န်းကျင်တွင် SSPP/SSAဘက်မှ လဲချားမြို့နယ် မန်ဆေအုပ်စု မက်လန်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် ခမရ (၅၇၃)ကို  ပြန်လည်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားနေသည်ဟု သိသည်။

ပြီးခဲ့သည့် သြဂုတ်လ (၄)ရက်နေ့နှင့် (၅)ရက်နေ့တို့တွင် စစ်ကောင်စီဘက်မှ မန်ကျန်ရွာမှနေပြီး SSPP/SSA တပ်စခန်းရှိရာဘက်သို့ လက်နက်ကြီးများနှင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီးနောက် ယနေ့တွင် တိုက်ပွဲများ ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အာဏာသိမ်း စစ်ကောင်စီသည် လဲချားမြို့နယ်အတွင်းရှိ SSPP/SSA၏ တပ်စခန်း (၁၀)နေရာကို  အကြိမ်ကြိမ် ဆုတ်ခွာခိုင်းခဲ့ဖူးပြီး SSPP/SSA အနေဖြင့်လည်း ဌာနချုပ်လုံခြုံရေးကြောင့်ဟုဆိုကာ မည်သည့်အကြောင်းပြချက်နှင့်မှ တပ်ပြန်လည်မဆုတ်ပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့သေးသည်။

#TachileikNewsAgency

Photo : SSPP/SSA တပ်သားများ(ပုံဟောင်း)