ချောင်းဦးမြို့နယ်အတွင်း ခင်မွန်ရွာတွင် အာဏာသိမ်းစစ်အုပ်စုဘက်က လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ပိတ်မိနေသည့် ကလေးတစ်ဦးအပါအဝင် နှစ်ဦး သေဆုံး

ချောင်းဦးမြို့နယ်အတွင်း ခင်မွန်ရွာတွင် အာဏာသိမ်းစစ်အုပ်စုဘက်က လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ပိတ်မိနေသည့် ကလေးတစ်ဦးအပါအဝင် နှစ်ဦး သေဆုံး

 စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ၌ ၂၀၂၃ခုနှစ်၊ မတ်လ ( ၃ )ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးတစ်ဦး အပါအဝင် ဒေသခံနှစ်ဦး ထိမှန်သေဆုံးကြောင်း Chaung U Revolution က သတင်းထုတ်ပြန်သည်။

စစ်အုပ်စု၏  လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ရွာအတွင်း ပိတ်မိနေသည့် ဒေသခံများ လက်နက်ကြီးထိမှန်ကာ (၁၂)နှစ်အရွယ် ကလေး တစ်ဦးနှင့် အသက် (၅၀)ကျော် အမျိုးသမီးတစ်ဦးတို့ သေဆုံးကြောင်း သိရသည်။ 

အာဏာသိမ်းစစ်အုပ်စု၏ စစ်ကြောင်းထိုးလာမှုကြောင့် တော်တော်များများမှာ ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း အချို့မှာ ကျေးရွာတွင်း၌ ကျန်ခဲ့ပြီး ပိတ်မိနေသည့် အနေအထားဖြစ်နေချိန် ယခုလို သေဆုံးသွားရခြင်းဖြစ်သည်။

ယနေ့ နံနက်ပိုင်းအစောပိုင်းက စစ်အုပ်စုသည် ကားအကြီး (၂)စီးဖြင့် မုံရွာမြို့မှ ထွက်လာကာ မအူဂိတ်အရောက်တွင် ခြေလျင်လမ်းလျှောက်၍  ခင်မွန်ကျေးရွာသို့ရောက်ရှိလာပြီး သေနတ်များဖောက်ကာ ရွာထဲရှိ နေအိမ်များကိုမီးရှို့၍ ပိတ်မိနေသောပြည်သူများကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစစ်အုပ်စုသည် ခင်မွန်ကျေးရွာမှ မုံရွာဘက်သို့ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။